အဝလွန်ခြင်းနဲ့ ကိုယ်အလေးချိန်တက်ခြင်းဟာ ယနေ့ခေတ်လူအများစု ကြုံတွေ့နေရတဲ့ ပြဿနာတစ်ခုဖြစ်ပါတယ်။ ရုပ်ပိုင်းဆိုင်ရာသာမက ကျန်းမာရေးအတွက်ပါ စိုးရိမ်စရာကောင်းတဲ့ အခြေအနေတစ်ရပ်အဖြစ်လည်း လူသိများလာပါတယ်။ အဝလွန်ခြင်းနဲ့ ဆက်စပ်ပြီးတော့ သွေးပေါင်တက်ခြင်း၊ ဆီးချိုတက်ခြင်း၊ နီရမ်းရောင်ရမ်းခြင်းနဲ့ အရိုးတွေအားနည်းလာခြင်း စတဲ့ ရောဂါအခြေအနေများလည်း ဆက်စပ်ပြီး ပေါ်လာတတ်ပါတယ်။

ထိုမျှသာမက နှလုံးရောဂါ၊ လေဖြတ်ခြင်း၊ Type 2 ဆီးချိုနဲ့ အသက်အန္တရာယ်စိုးရိမ်ရလောက်တဲ့ ကိစ္စတွေပါ ကြုံတွေ့လာရနိုင်တာကြောင့် ကြိုတင်ကာကွယ်နိုင်ဖို့အတွက် ဒီဆောင်းပါးလေးကို အဆုံးထိဖတ်ပေးစေချင်ပါတယ်။

၁။ လိုတာထက်အိပ်စက်ခြင်း

စောစောအိပ်လို့၊ စောစောထခြင်းဟာ ကျန်းမာရေးနဲ့သက်ဆိုင်တဲ့ ဆောင်ပုဒ်တစ်ခုဖြစ်ပေမယ့် အချို့သူများကတော့ မနက်ခင်းမှာ စောစောမထနိုင်ဘဲ နေဖင်ထိုးတဲ့အထိ အိပ်တတ်ကြပါတယ်။ ဒီလိုအိပ်ခြင်းဟာ အစာစားချင်စိတ်ကို နှိုးဆွနိုင်တာကြောင့် ကိုယ်အလေးချိန်တက်စေနိုင်ပါတယ်။

၂။ မနက်စာမစားခြင်း

တစ်နေ့တာမှာ ပထမဦးဆုံးအနေနဲ့ စားသုံးတဲ့မနက်စာကို မစားဘဲနဲ့ အလုပ်၊ ကျောင်း၊ အပြင်သွားမယ်ဆိုရင်တော့ ဘယ်လောက်ပဲကြိုးစားကြိုးစား ဝိတ်ကျဖို့လမ်းကို မြင်ရမှာမဟုတ်တော့ပါဘူး။ မနက်စာစားခြင်းဟာ တစ်နေ့တာလုံးလှုပ်ရှားသွားလာနိုင်ဖို့အတွက် လိုအပ်တဲ့ အားအင်ကိုဖြည့်စွမ်းပေးတာဖြစ်လို့ မမေ့မလျော့ဘဲ သေချာစားသုံးပေးပါ။

၃။ မနက်စာကို သင့်တင့်မျှတအောင်မစားခြင်း

မနက်စာမစားရင် ကိုယ်အလေးချိန်တက်စေနိုင်သလို ကျန်းမာရေးနဲ့မညီညွတ်တဲ့အရာတွေကို မနက်စာအနေနဲ့ စားသုံးမိခြင်းကလည်း ကိုယ်အလေးချိန်အတွက် မကောင်းတဲ့သက်ရောက်မှုတွေ ရှိစေပါတယ်။ ဒါကြောင့် မနက်အချိန်မှာ ပန်ကိတ်၊ ဒိုးနတ်၊ သကြားဓာတ်များတဲ့ ဖျော်ရည်တွေ စားသောက်ခြင်းကို ရှောင်ရှားပါ။

၄။ မနက်ခင်း နေရောင်ခြည်မခံစားခြင်း

မနက်အိပ်ရာနိုးပြီဆိုတာနဲ့ အိပ်ရာထဲမှာပဲ လှိမ့်ပိမ့်မနေပါနဲ့။ အိမ်ပြင်ထွက်လိုက်ပြီး မနက်ခင်းရဲ့ နေရောင်ခြည်လေးကို ခံယူလိုက်ပါ။ ခရမ်းလွန်ရောင်ခြည်တွေဟာ အဝလွန်ခြင်းကို တားဆီးပေးပြီး ဗီတာမင်ဒီချို့တဲ့ခြင်းကို လျော့ကျစေပါတယ်။

၅။ ရေလုံလုံလောက်လောက်မသောက်ခြင်း

မနက်စောစောစီးစီးမှာ ကော်ဖီ ဒါမှမဟုတ် လက်ဖက်ရည်မသောက်ခင် ရေတစ်ခွက်အပြည့်ကို အရင်သောက်ပေးပါ။ ရေသောက်ခြင်းက အပူချိန်ကိုထိန်းထားပေးနိုင်ပြီး အစာခြေခြင်းကိုလည်း အားပေးပါတယ်။ အစာမစားခင် ရေ ၅၀၀ မီလီလီတာ သောက်ပေးခြင်းကလည်း အစားနည်းသွားစေတာကြောင့် ကိုယ်အလေးချိန်တက်မှာလည်း စိုးရိမ်စရာမလိုတော့ပါဘူး။

၆။ လေ့ကျင့်ခန်းမလုပ်ခြင်း

မနက်ခင်းရဲ့ နေရောင်ခြည်လေးကို ခံစားရင်းနဲ့ လေ့ကျင့်ခန်းလုပ်ခြင်းက အချိန်သပ်သပ်လည်းပေးစရာမလိုတဲ့ နည်းလမ်းတစ်ခုပါ။ အခြားအချိန်တွေထက် မနက်ခင်းမှာ လေ့ကျင့်ခန်းလုပ်ခြင်းက ပိုပြီးတော့ ဝိတ်ကျမြန်စေပါတယ်။