သင်က မျက်ကပ်မှန် တပ်နေကျသူ ဒါမှမဟုတ် အခုမှ စတပ်မယ် ဆိုရင် သိထားသင့်တဲ့ အချက်တွေ ရှိပါတယ်။ ဘယ်သူမှတော့ ကိုယ့်မျက်လုံးကို မထိခိုက်ချင်ပါဘူး။ ဘာလို့လဲဆိုတော့ မျက်လုံးထိခိုက်မိရင် ဒါရဲ့ နောက်ဆက်တွဲတွေက ထပ်လာဦးမှာပါ။ ငွေထပ်ကုန်တာမျိုး မဖြစ်ရလေအောင် သင့်မျက်လုံးနဲ့ သင့်ပိုက်ဆံအိတ် ဘေးကင်းဖို့အတွက် မျက်ကပ်မှန်တပ်တဲ့အချိန် လုံးဝရှောင်ရမယ့် အရာတွေ ရှိပါတယ်။ ဒါတွေက ဘာတွေလဲ ကြည့်လိုက်ရအောင်နော်-

၁။ Hairspray ဖြန်းတာ

သင်က Hairspray ဖြန်းလေ့ရှိသူ ဆိုရင် ပထမဆုံး Hairspray ဖြန်းပြီးမှ ခဏစောင့်သင့်ပါတယ်။ အနည်းငယ်ကြာမှ မျက်ကပ်မှန်တပ်သင့်ပါတယ်။ မဟုတ်ရင် Spray အမှုန်တွေက သင့် မျက်လုံးမှိတ်ထားရင်တောင် မျက်ကပ်မှန်မှာ ကပ်နိုင်ပါတယ်။

၂။ ရေကူးတာ

ရေကူးတဲ့အချိန် မျက်ကပ်မှန် ကွာကျနိုင်ပါတယ်။ ဒါကြောင့် ရေကူးတဲ့အခါ မျက်မှန်ပဲ ဝတ်သွားသင့်ပါတယ်။

၃။ အိပ်တာ

ဒါကိုတော့ မျက်ကပ်မှန်တပ်သူ အများစု မေ့ပြီး လုပ်တတ်ပါသေးတယ်။ မျက်ကပ်မှန်နဲ့ အိပ်တာက သင့်မျက်လုံးကို ထိခိုက်နိုင်ပါတယ်။ ဒါကြောင့် ဘယ်သွားသွား မျက်ကပ်မှန်ထည့်တဲ့ဘူး ဆောင်သွားသင့်ပါတယ်။

၄။ မျက်လုံးပွတ်တာ

မျက်ကပ်မှန်တပ်ထားတဲ့အချိန် မျက်လုံးကို ပွတ်တာမျိုး ရှောင်သင့်ပါတယ်။ သင်က မိတ်ကပ် လိမ်းထားရင် သင့် မျက်တောင်နဲ့ မျက်လုံးခြယ်တာကိုပါ ပျက်သွားနိုင်ပါတယ်။

၅။ ရေချိုးတာ

မျက်ကပ်မှန်တပ်ထားတဲ့ အချိန် ရေချိုးလိုက်တဲ့အခါ မျက်လုံးထဲ ရေ ဘယ်အချိန် ဝင်မယ်မှန်းမသိဘဲ မတော်တဆ ဝင်သွားနိုင်တာကြောင့် သတိထားသင့်ပါတယ်။

၆။ ငိုတာ

မျက်ကပ်မှန်တွေက ရေနဲ့ လုံးဝ မတည့်ပါဘူး။ အပြင်ရေနဲ့ မတည့်သလို မျက်လုံးထဲက မျက်ရည်နဲ့လည်း မတည့်ပါဘူး။ မျက်ကပ်မှန်တပ်တဲ့အချိန် မငိုမိအောင် သတိထားသင့်ပါတယ်။

၇။ လေတိုက်လွန်းတဲ့ ကားပေါ်

လေတိုက်တဲ့နေရာတွေ သွားမယ်ဆိုရင် အပြင်က နေကာမျက်မှန်တပ်တာမျိုး လုပ်နိုင်ပါတယ်။ မဟုတ်ရင်တော့ ဖုန်တွေ သင့်မျက်လုံးထဲ အလွယ်တကူ ဝင်သွားပါလိမ့်မယ်။

Photo Source: Pinterest

By MyStyle Myanmar