လူမှုကွန်ရက်တွေက နေ့စဉ်ဘဝရဲ့ ကြီးမားတဲ့အစိတ်အပိုင်းဖြစ်လာပါပြီ။ Instagram ၊ Facebook ၊ Twitter ၊ Snapchat ၊ TikTok ၊ WeChat စသည်ဖြင့် တစ်နေ့တစ်နေ့ လက်မလည်အောင် သုံးနိုင်မယ့် Social Media တွေကလည်း အများသားနော်။
လူမှုကွန်ရက်တွေနဲ့ ရှောင်မရတဲ့ခေတ်မှာ Social Media ကြောင့် ကိုယ့်ချစ်သူနဲ့ အဆင်မပြေအောင် ဒီအမှားတွေ ကြိုပြီးရှောင်ကြဉ်ထားသင့်ပါတယ်။
(၁) သူစိမ်းပုံပါတဲ့ ပုံတင်ခါနီး ခွင့်မတောင်းခြင်း
Facebook ပေါ်မှာ ဓါတ်ပုံတင်တိုင်း ကိုယ့်ချစ်သူကို ခွင့်တောင်းစရာတော့ မလိုပါဘူး။ ဒါပေမဲ့လည်း ကိုယ်တင်မယ့်ပုံမှာ တခြားသူစိမ်းမိန်းကလေးတွေ၊ ယောကျ်ားလေးရဲ့ ပုံပါမယ်ဆိုရင်တော့ အကျိုးအကြောင်းကြိုပြောထားသင့်ပါတယ်။
(၂) စိတ်တိုနေတုန်း Social Media သုံးခြင်း
ဒေါသရှေ့ထားရင် အမှားများပါတယ်။ ချစ်သူနဲ့ အဆင်မပြေဖြစ်လို့ ပေါက်ကွဲနေတုန်း Facebook ပေါ် စိတ်ထဲက ရှိတဲ့အတိုင်း ရေးချလိုက်ရင် ပြတ်ဖို့ပဲ ရှိပါတယ်။ Social Media ဆိုတာ သင့်ပြဿနာတွေ ဖြေရှင်းပေးမယ့် တရားရုံးမဟုတ်ပါသလို တိုင်စာ/ပစ်စာ ပေးရတဲ့ အချစ်ရေး ဟစ်တိုင်ကြီးလည်း မဟုတ်ဘူးဆိုတာ သိထားသင့်ပါတယ်။
(၃) မစဉ်းမစားပို့စ်တွေ တင်ခြင်း
ရှေ့မကြည့်နောက်မကြည့်လုပ်တာ ဘယ်တော့မှ ကောင်းကျိုးမပေးပါဘူး။ Social Media ကို စိတ်ထွက်ပေါက်အနေနဲ့ လျှောက်ပြီး ပေါက်ကရတွေ တင်တာ ကိုယ့်ကိုယ်ကိုယ် သိက္ခာချနေတာပါပဲ။ ရည်းစားထားတယ်ဆိုတာ လူကြီးဖြစ်မှ လုပ်တဲ့အလုပ် ဖြစ်ပါတယ်။ လူကြီးဖြစ်လာပြီလို့ ကိုယ့်ကိုယ်ကိုယ်ထင်ရင် ကလေးတွေလုပ်တဲ့ ပေါတောတောအလုပ်တွေ မလုပ်သင့်ဘူးဆိုတာ သတိချပ်သင့်ပါတယ်။
(၄) လူမှုကွန်ရက်စွဲလမ်းလွန်ခြင်း
တချို့တွေက လူမှုကွန်ရက်ကို တကယ့်ဘဝတစ်ခုအဖြစ် စွဲလမ်းသွားတာ ရှိပါတယ်။ ကိုယ့်မှာ Follower ဘယ်လောက်ရှိသလဲ။ ကိုယ့်ပို့စ်ကို လူဘယ်နှစ်ယောက် Like , Love , Share သလဲဆိုတာကို သဲသဲလှုပ်သွားတတ်ပါတယ်။ ဒီထဲမှာ ကိုယ်ပါသလား ပြန်သုံးသပ်ပါ။ အကြောင်းက Social Media စွဲလမ်းသူတွေဟာ ပြင်ပဘဝမှာ အဆင်မပြေအံမဝင်တော့လို့ ဖြစ်ပါတယ်။