လူတိုင်းဟာ ဘဝဆိုတဲ့ တိုက်ပွဲကြီးကို ကျရာနေရာကနေ တိုက်ခိုက်ဆင်နွှဲနေရတာဖြစ်ပါတယ်။ တဖက်ရန်သူဖြစ်တဲ့ လောကဓံတရားဟာ အလွန်အင်အားကြီးမားပြီး စွမ်းရည်လည်းထက်မြတ်ပါတယ်။

ဒီလိုရန်သူကို ခုခံတိုက်ခိုက်တဲ့အခါမှာ ကိုယ့်ဘက်ကလည်း လိုအပ်တဲ့ပြင်ဆင်မှုတွေ လုပ်သင့်တာပေ့ါ။

နည်းပရိယာယ်တွေသုံးမယ်

တဖက်ရန်သူဟာ အင်အားကြီးမားတဲ့အခါမှာ လှေကြီးထိုး ရိုးရိုးတိုက်ကွက်တွေနဲ့ မဖြစ်တော့ပါဘူး။ ဦးနှောက်ကိုသုံးပြီး ပရိယာယ်တွေ ဆင်သင့်ပါတယ်။ အခက်အခဲတွေကို ကျော်လွှားနိုင်အောင် နည်းလမ်းတွေ ရှာဖွေကြည့်လိုက်ပါ။

လက်နက်တွေပြင်ဆင်မယ်

လောကဓံရန်သူကို ရင်ဆိုင်ကြတဲ့အခါမှာ ကိုယ်က လက်နက်မဲ့ဆိုရင်တော့ အရှုံးတွေနဲ့ပဲ ရင်ဆိုင်ရမှာဖြစ်ပါတယ်။ လောကဓံကို ကြံ့ကြံ့ခံနိုင်ဖို့ စိတ်ဓတ်ခိုင်မာခြင်းဆိုတဲ့ လက်နက်တစ်ခုကို အရင်ဆုံးစွဲကိုင်ထားလိုက်ပါ။

ရိက္ခာတွေစုဆောင်းမယ်

အရှည်ကြာဆုံးဖြစ်တဲ့ ဘဝတိုက်ပွဲအတွက် စားနပ်ရိက္ခာတွေ လိုအပ်ပါတယ်။ တိုက်ပွဲမှာ လက်နက်၊ နည်းပရိယာယ်တွေပြည့်စုံပေမယ့် ရိက္ခာမလုံလောက်ရင် စောစောစီးစီးရှုံးနိမ့်မှာပဲဖြစ်ပါတယ်။ လောကဓံကို ရွပ်ရွပ်ချွံချွံ ရင်ဆိုင်နိုင်ဖို့ ကိုယ်ပိုင်အရည်အချင်းဆိုတဲ့ ရိက္ခာအလုံအလောက်ဖြည့်တင်းထားလိုက်ပါ။

လူအင်အားစုဆောင်းမယ်

ပြင်းထန်တဲ့ဘဝတိုက်ပွဲအတွက် လုံလောက်တဲ့လူအင်အားလည်း လိုအပ်ပါတယ်။ တိုက်ပွဲရှည်ကြီးကို ကိုယ်တစ်ယောက်ထဲဆင်နွဲဖို့က မဖြစ်နိုင်ဘူးလေ။ ဘဝမှာမိတ်ဆွေ၊ သူငယ်ချင်း၊ အိမ်ထောင်ဖက်စတဲ့ အားကိုးရတဲ့ ရဲဘော်ရဲဘက်တွေကို ရွေးချယ်လိုက်ပါ။