ဝက်ခြံအမျိုးအစားထဲမှာ မလွှဲမသွေရှောင်လွှဲမရနိုင်လောက်အောင် တွေ့ကြုံခံစားကြရတာကလည်း ဆားဝက်ခြံတွေပါပဲ။ ဆားဝက်ခြံတွေဟာ မျက်နှာရှိဆဲလ်အသေများနဲ့ အဆီဓာတ်များပေါင်းစပ်ပြီး ဖြစ်လာတတ်တဲ့ အမည်းရောင်အဆံများ ဖြစ်ပါတယ်။

လက်နဲ့ညှစ်ထုတ်လျှင်လည်း အမာရွတ်များကျန်ရှိတတ်ပြီး အသားရေကို ထိခိုက်ပျက်စီးစေတတ်တာကြောင့် ဆားဝက်ခြံပြဿနာကို နည်းမှန်လမ်းမှန်ဖြေရှင်းနိုင်အောင် နည်းလမ်းတွေမျှဝေပေးလိုက်ပါတယ်နော်။

(၁) ပုံမှန်ဂျီးချွတ်သန့်စင်ပေးပါ

မျက်နှာအသားအရေပေါ်ကို ကြမ်းတမ်းစေမည့်အဆံတွေပါတဲ့ ဂျီးချွတ်ဆေးမျိုးထက် အားပျော့တဲ့ Acid များဖြစ်သော AHA ,PHA ပါတဲ့ Chemical ဂျီးချွတ်ဆေးမျိုး သုံးပေးခြင်းက အသားအရေရဲ့အပေါ်ယံလွှာမှာရှိတဲ့ ဆဲလ်သေတွေကို အကောင်းဆုံးဖယ်ရှားပေးနိုင်တဲ့အတွက် ဆားဝက်ခြံတွေကို အမြန်ဆုံး ရှင်းထုတ်ပေးနိုင်မှာ အသေချာပါပဲ။

(၂) သဘာဝရွှံစေးပါဝင်တဲ့ Clay mask များဖြင့်ပေါင်းတင်ပါ

Exfoliater လို့ခေါ်တဲ့ ဂျီးချွတ်ဆေးတွေသုံးပြီးရာတွင် မျက်နှာမှာရှိတဲ့ ချွေးပေါက်များပွင့်သွားပြီး အညစ်ကြေးများကင်းစင်နေပြီဖြစ်လို့ အဲ့အချိန် Clay mask သုံးပေးလိုက်ပါ။ ဒါဆိုရင် Clay mask မှာပါတဲ့ အာနိသင်များက ချွေးပေါက်ထဲထိဝင်ရောက်နိုင်ပြီး ဆားဝက်ခြံဖြစ်စေသောအဆီ၊ အညစ်အကြေးတွေကို ထိထိရောက်ရောက်ဖယ်ရှားပေးနိုင်ပါတယ်။

(၃) နေရောင်ကာခရင်မ် ပုံမှန်လိမ်းပါ

ချွေးပေါက်များထဲရှိ အညစ်အကြေးများကိုပါ ဖယ်ရှားပြီးချိန်မှာ မျက်နှာအသားရေက အထိအခိုက်မခံနိုင်အောင် နုနယ်တဲ့ အခြေနေဖြစ်ပါတယ်။ အဲ့အတွက် နေရောင်ခြည်ကို ပုံမှန်ထက် ကာကွယ်နိုင်စေမယ့် Sunscreen တွေ လိမ်းပေးဖို့ အထူးလိုအပ်ပါတယ်။ ဒါမှသာ နောက်ထပ်ဖုန်မှုန့်၊ အညစ်အကြေးများသာမက နေရောင်ခြည်ဒဏ်ကိုပါကာကွယ်နိုင်ပြီး ဖြူစင်ကြည်လင်တဲ့ အသားရေကိုပိုင်ဆိုင်နိုင်မှာပါ။

(၄) အသားရေခြောက်စေသော ပစ္စည်းများအား အလွန်အကြွံသုံးခြင်းမှ ရှောင်ရှားပါ

အသားအရေပြဿနာများအတွက် ထုတ်လုပ်တဲ့ ကုန်ပစ္စည်းအများစုက မျက်နှာမှ သဘာဝအဆီဓာတ်ကို လျော့နည်းစေသောနည်းဖြင့် ဝက်ခြံလို ပြသနာများကို ဖြေရှင်းတတ်ကြပါတယ်။ ရေတိုရလဒ်အနေဖြင့် စိတ်ကျေနပ်စရာကောင်းသော်လည်း ရေဓာတ်၊ အဆီဓာတ် မညီမျှတော့လျှင် အဆီထုတ်နှုန်း ပိုမြင့်လာပြီး ဆားဝက်ခြံသာမက အခြားသောပြသနာများကို ဖြစ်စေနိုင်ပါတယ်။