နေပူထဲထွက်တဲ့အခါ ထီးနဲ့ ဦးထုပ်မဆောင်းဘဲ အပြင်ထွက်ခြင်း၊ ဖုန်မှုန့်နဲ့ အညစ်အကြေးများ ဆံပင်ကို ကပ်ငြိခြင်းကြောင့်သော်လည်းကောင်း၊ ဓာတုဆေးဝါးများအမြောက်အမြားပါဝင်သော ဆံပင်ထုတ်ကုန်ပစ္စည်းများကြောင့် ဆံကေသာပျက်စီးကြမ်းတမ်းသွားတဲ့အခါ ဆံပင်ကို ဘယ်လိုပြန်လည်ထိန်းသိမ်းစောင့်ရှောက်ရမလဲ။

အခုဖော်ပြပေးမယ့် နည်းလမ်းလေးတွေကတော့ အကုန်အကျမများဘဲ မိမိအိမ်ရဲ့ မီးဖိုချောင်မှာရှိတဲ့ပစ္စည်းတွေနဲ့ အလွယ်တကူအသုံးပြုလိုက်ရုံပါပဲ။

ပျားရည်နဲ့ ပေါင်းတင်ပါ

ပျားရည် စားပွဲတင်ဇွန်း ၂ ဇွန်းကို သံလွင်ဆီ စားပွဲတင်ဇွန်း ၃ ဇွန်းနဲ့ ရောမွှေလိုက်ပြီးနောက် ဆံကေသာနဲ့ ဦးရေပြားပေါ် သုတ်လိမ်းပေးလိုက်ပါ။ မိနစ် ၃၀ ခန့်ကြာမှ ရေဆေးချလိုက်ပါ။ တစ်ပတ်တစ်ကြိမ် (သို့) နှစ်ကြိမ်ခန့် ပြုလုပ်ပေးမယ်ဆိုရင် ဆံကေသာတောက်ပြောင်လာပြီး နူးညံ့ပျော့ပျောင်းလာပါလိမ့်မယ်။

ထောပတ်သီးနဲ့ပေါင်းတင်ပါ

အသားအရေအတွက်ရော၊ ဆံကေသာအလှအပအတွက်ပါ အသုံးဝင်တဲ့သစ်သီးကတော့ ထောပတ်သီးပဲဖြစ်ပါတယ်။ မှည့်နေတဲ့ထောပတ်သီးတစ်လုံးကတော့ အဓိကလိုအပ်မယ့် ပစ္စည်းပါပဲ။ ထောပတ်သီးအစေ့ဖယ်လိုက်ပြီး ထောပတ်သားကို ခက်ရင်းနဲ့ ကြိတ်ချေလိုက်ပါ။

ထို့နောက် သံလွင်ဆီနဲ့ပျားရည် လက်ဖက်ရည်ဇွန်း တစ်ဇွန်းစီ ရောနှောပြီး ဆက်ချေလိုက်ပါ (သံလွင်ဆီနဲ့ပဲ ရောလို့ရသလို၊ ပျားရည်ပဲ ထည့်လို့လည်းရပါတယ်)။ ရရှိလာတဲ့အနှစ်များကို ဆံကေသာနဲ့ ဦးရေပြားပေါ်မှာ သုတ်လိမ်းပေးလိုက်ပါ။ နာရီဝက်ကြာမှ ခေါင်းလျှော်ချလိုက်ပါ။ ဒီနည်းလမ်းလေးကို တစ်ပတ်တစ်ကြိမ်ပြုလုပ်ပေးလိုက်ပါ။

ငှက်ပျောသီးနဲ့ ပေါင်းတင်ပါ

ငှက်ပျောသီးမှည့်တစ်လုံး (သို့) နှစ်လုံးကို ခက်ရင်းနဲ့ ချေလိုက်ပြီး ပျားရည် လက်ဖက်ရည်ဇွန်း ၂ ဇွန်းရောပြီး ထပ်နယ်ပေးလိုက်ပါ။ ရရှိလာတဲ့အနှစ်ကို ဦးရေပြားနဲ့ ဆံကေသာပေါ် သုတ်လိမ်းပြီး ဦးရေပြားကို နှိပ်နယ်ပေးလိုက်ပါ။ နာရီဝက်ကြာမှ မိမိသုံးနေကျခေါင်းလျှော်ရည်နဲ့ ရေဆေးချလိုက်ပါ။ ဒိနည်းလမ်းကိုလည်း တစ်ပတ်တစ်ကြိမ်ခန့် ပြုလုပ်ပေးလိုက်ပါ။ ဆံကေသာ ပျော့ပျောင်းနူးညံ့လာပါလိမ့်မယ်။

အုန်းဆီ

အုန်းဆီလိမ်းပေးခြင်းက ပျက်စီးကြမ်းတမ်းနေတဲ့ဆံကေသာများကို ပြန်လည်ပျော့ပျောင်းနူးညံ့လာအောင် ပြုလုပ်ပေးနိုင်တဲ့ သဘာဝဆေးစွမ်းကောင်းတစ်လက်ပါပဲ။ ခေါင်းမလျှော်ခင် တစ်နာရီခန့်အလိုမှ အုန်းဆီလိမ်းပေးပြီး ဦးရေပြားကို နှိပ်နယ်ပေးမယ်ဆိုရင် သင့်ဆံကေသာက သင့်ကို ကျေးဇူးတင်နေပါလိမ့်မယ်။