သွားတိုက်ဆေးတွေမှာပါဝင်တဲ့ ပစ္စည်းတွေက ကျန်းမာရေးအတွက် ထိခိုက်မှာစိုးရိမ်နေပါသလား။ မစိုးရိမ်ပါနဲ့။ ဒီနေ့ဆောင်းပါးမှာ သွားတိုက်ဆေးအစားထိုး အသုံးပြုလို့ရတဲ့ သဘာဝ သွားတိုက်ဆေးတွေအကြောင်း ပြောပြပေးသွားမှာပါ။

မီးသွေး

မီးသွေးကို သွားတိုက်ဆေးအဖြစ် ကျေးလက်နေလူထုတွေ အများဆုံးအသုံးပြုကြပါတယ်။ နှစ်မိနစ်လောက်အနည်းဆုံးတိုက်ပေးဖို့ လိုပြီး ရေနဲ့ပြန်ပလုပ်ကျင်းပေးရမှာလည်း ဖြစ်ပါတယ်။

မီးသွေးနဲ့ သွားတိုက်ခြင်းဟာ  သွားတွေကို ဖြူဖွေးစေတယ်လို့ ဆိုကြပါတယ်။ အခုဆိုရင် မီးသွေးနဲ့ ထုတ်လုပ်ထားတဲ့ သွားတိုက်ဆေးတွေတောင် ပေါ်နေပါပြီ။

ဆား (ပင်လယ်ဆား)

ဆားဟာ သွားတိုက်ရာမှာ အသုံးပြုလို့ရတာကို လူအများစု သိကြပါတယ်။ ပင်လယ်ဆားစစ်စစ်နဲ့တိုက်ရင် ပိုကောင်းပါတယ်။ ဆားပွင့်တွေကြား သွားမျက်နှာပြင် ပွတ်တိုက်မိမှာစိုးတယ်ဆိုရင်  ဆားကို ရေခွက်ထဲမှာ ပျော်အောင်ထားပြီး သွားပွတ်တံကို ဆားရေနဲ့တို့ကာ တိုက်တာမျိုးလည်း လုပ်လို့ရပါတယ်။

မုန့်ဖုတ်ဆိုဒါ

မုန့်ဖုတ်ဆိုဒါနဲ့လည်း တိုက်လို့ရပါတယ်။ သွားပွတ်တံကို မုန့်ဖုတ်ဆိုဒါထဲနှစ်ပြီး တိုက်လို့ရပါတယ်။ ဒါမှမဟုတ် ရေနဲ့ဖျော်ပြီး တိုက်မယ်ဆိုလည်း ရပါတယ်။ အိမ်မှာပဲ သွားတိုက်ဆေးကို ကိုယ့်ဘာကိုယ်လုပ်သူတွေဟာ မုန့်ဖုတ်ဆိုဒါကို အသုံးများကြပါတယ်။

အုန်းဆီ

အုန်းဆီကလည်း နောက်ထပ်ရွေးချယ်စရာတစ်ခုပါ။ မှိုနဲ့ ရောဂါပိုးသေစေတဲ့ပစ္စည်းတွေ အုန်းဆီမှာ ပါဝင်ပါတယ်။ ပါးစပ်ဆေးကြောခြင်းအတွက်လည်း အသုံးဝင်ပါတယ်။ အုန်းဆီတစ်မျိုးတည်း သုံးနိုင်တဲ့အပြင် မုန့်ဖုတ်ဆိုဒါလို ပစ္စည်းတွေနဲ့လည်း ရောသုံးနိုင်ပါတယ်။