ခေါင်းလျှော်ထားလည်း ခဏလေးနဲ့ ဆံပင်က အနံ့နံတာမျိုး၊ ဖုန်မှုန့်နဲ့ အညစ်အကြေးတွေကြောင့် ခေါင်းလျှော်ရည်အနံ့လည်း ကြာရှည်မစွဲပဲ ဆံပင်နဲ့ ဦးရေပြားက အနံ့နံတာမျိုးတွေ ဖြစ်တတ်ပါတယ်။ ဦးရေပြားက အဆီတွေထွက်တာများရင်လည်း အဆီနဲ့ အညစ်အကြေးတွေရောပြီး ဦးရေပြားနံတတ်ပါတယ်။ ဒီလိုနံလာလို့ ခေါင်းလျှော်လိုက်၊ ပြန်နံလာလို့ ခေါင်းထပ်လျှော်လိုက်နဲ့ဆိုရင် ကျန်းမာရေးထိခိုက်ပါတယ်။ ဒါကြောင့် ဆံပင်အနံ့နံတာကို ပျောက်အောင်လုပ်ပေးနိုင်တဲ့ သဘာဝနည်းလမ်းတွေကို မျှဝေပေးလိုက်ပါတယ်။

Tea Tree

Tea tree oil အနည်းငယ်ကို သံလွင်ဆီ (သို့) အုန်းဆီ အနည်းငယ်နဲ့ ရောမွှေပြီး ဦးရေပြားကို လိမ်းပေးပါ။ ခေါင်းပြန်လျှော်စရာမလိုပါဘူး။ ဒီတိုင်းလေးလိမ်းပေးထားရုံနဲ့တင် ဦးရေပြား အနံ့အသက်ဆိုးတွေ ပျောက်ပြီး ဆံပင်နံတာမျိုးလည်း မဖြစ်တော့ပါဘူး။

Lavender Oil

Lavender oil ကို ဦးရေပြားမှာ ပွတ်လိမ်းပေးခြင်းက ဦးရေပြားနံတာ သက်သာစေတာကြောင့် ဆံပင်နံတာမျိုးလည်း မဖြစ်တော့ပါဘူး။ ဒါ့အပြင် ဦးရေပြားယားယံတာပါ သက်သာစေပါတယ်။ နေ့တိုင်းလိမ်းစရာ မလိုပါဘူး။ ခေါင်းလျှော်ပြီးမှ လိမ်းပေးရင် ရပါပြီ။

Apple Cider Vinegar

အဆီပြန်တဲ့ဦးရေပြားဖြစ်ပြီး ဦးရေပြားနဲ့ဆံပင်လည်း နံတယ်ဆိုရင်တော့ apple cider vinegar ကိုသုံးပါ။ လုပ်ရမယ့်နည်းလမ်းကတော့ apple cider vinegar တစ်ဆကို ရေ လေးဆနဲ့ ရောမွှေပြီး ဦးရေပြားကို လိမ်းပေးပါ။ ဦးရေပြားအဆီပြန်တာ သက်သာပြီး အနံ့နံတာလည်း သက်သာစေပါတယ်။

သံပုရာရည်

သံပုရာရည်ကို သံလွင်ဆီနဲ့ နည်းနည်းစီရောပြီး ဦးရေပြားအနှံ့ ပွတ်လိမ်းပေးခြင်းက ဦးရေပြားနံတာကို သက်သာပျောက်ကင်းစေပါတယ်။ ဦးရေပြားမနံရင် ဆံပင်လည်း နံမှာမဟုတ်ပါဘူး။ ခေါင်းလျှော်မယ့်နေ့မှာ လိမ်းထားပြီး ခေါင်းလျှော်ချလိုက်ရင် ရပါတယ်။

ခရမ်းချဉ်သီးအရည်

ခရမ်းချဉ်သီးကို အရည်ရအောင်ကြိတ်ချေပြီး ဦးရေပြားအနှံ့ သုတ်လိမ်းကာ massage လုပ်နှိပ်နယ်ပေးပါ။ ပြီးရင် မိနစ် ၃၀ လောက်ထားပြီး ခေါင်းလျှော်လိုက်ပါ။ Mild ဖြစ်တဲ့ shampoo နဲ့လျှော်ပေးပါ။ ဦးရေပြားနဲ့ ဆံသားနံတာ ပျောက်စေပါတယ်။