မင်္ဂလာပါ ပျိုမေလေးတို့ရေ… Matte နှုတ်ခမ်းနီတွေ အဆိုးများလို့ နှုတ်ခမ်းက ခြောက်သွေ့နေပါသလား။ နှုတ်ခမ်းခြောက်ပြီး ညိုညစ်ညစ်ဖြစ်နေခြင်းကလည်း သင့်ရဲ့အလှအပကို တစ်နည်းတစ်ဖုံထိခိုက်စေပါတယ်။

နှုတ်ခမ်းသားလေးက နူးညံ့စိုပြေပြီး သဘာဝအတိုင်း ပန်းနုရောင်သမ်းချင်တယ်ဆိုရင်တော့ မဖြစ်မနေပြုလုပ်ပေးရမယ့် အရေးကြီးဆုံးအရာတစ်ခုရှိပါတယ်။

ရေများများသောက်ပေးပါ

ရေများများသောက်ပေးခြင်းပဲဖြစ်ပါတယ်။ တစ်နေ့ကို ရေ ၈ ခွက်ကနေ ၁၀ ခွက်အထိ သောက်သုံးပေးရပါမယ်။ ကော်ဖီနဲ့ လက်ဖက်ရည်သောက်သုံးခြင်းကို မဖြစ်မနေရှောင်ကြဉ်ပေးလိုက်မယ်ဆိုရင်တော့ ထူးခြားတဲ့ရလဒ်ကို တွေ့မြင်ရမှာပါ။

ပျိုမေလေးတို့အနေနဲ့ ဒီ့ထက်ပိုပြီး ထူးခြားတဲ့ရလဒ်ကို အလျင်အမြန်ပိုင်ဆိုင်ချင်တယ်ဆိုရင်တော့ အခုဖော်ပြပေးမယ့် နည်းလမ်းလေးတွေကို ဆက်လက်ပြုလုပ်ပေးနိုင်ပါသေးတယ်။

ပျားရည်၊ သကြားဖြင့် ချေးချွတ်ပါ

သကြား စားပွဲတင်ဇွန်းတစ်ဇွန်းကို ပျားရည်နှင့် ရောနှောပေးလိုက်ပါ။ ထို့နောက် နှုတ်ခမ်းပေါ်မှာ ညင်ညင်သာသာ ပွတ်တိုက်ပြီး နှိပ်နယ်ပေးလိုက်ပါ။ နှုတ်ခမ်းပေါ်က ဆဲလ်သေများက သကြားနဲ့အတူရောနှောသွားပါလိမ့်မယ်။ ၁၅ မိနစ်ခန့်ကြာပါက ရေဆေးပေးလိုက်ပါ။ Lip Balm ပြန်လိမ်းပေးဖို့လည်း မမေ့ပါနဲ့နော်။

နွားနို့နှင့် နနွင်းမှုန့်

နနွင်းမှုန့် လက်ဖက်ရည်ဇွန်းတစ်ဇွန်းကို နွားနို့အနည်းငယ်ဖြင့် ရောနှောလိုက်ပါ။ ထို့နောက် နှုတ်ခမ်းပေါ်မှာ သုတ်လိမ်းပေးလိုက်ပါ။ ၅ မိနစ်ခန့်ကြာမှ ကြက်သီးနွေး ရေနွေးလေးနဲ့ ဆေးချလိုက်ပါ။ နွားနို့ရဲ့ အက်ဆစ်ဓာတ်က သင့်နှုတ်ခမ်းကို နူးညံ့တောက်ပလာစေပြီး ရေဓာတ်ဖြည့်တင်းပေးပါလိမ့်မယ်။ နနွင်းမှုန့်ကတော့ ဆဲလ်သေများကို ဖယ်ရှားပေးပါလိမ့်မယ်။

ရှားစောင်းလက်ပတ်ဂျယ်လ်

နှုတ်ခမ်းခြောက်တတ်တဲ့သူတွေအတွက်ကတော့ ရှားစောင်းလက်ပတ်က အကောင်းဆုံးပါပဲ။ ရှားစောင်းလက်ပတ်ဂျယ်လ်ကို နှုတ်ခမ်းပေါ်မှာ သုတ်လိမ်းပြီး ညင်သာစွာ နှိပ်နယ်ပေးလိုက်ပါ။ ရှားစောင်းလက်ပတ်ထဲမှာပါဝင်တဲ့ ဗီတာမင်အီးဓာတ်က သင့်နှုတ်ခမ်းကို အစိုဓာတ်ဖြည့်တင်းပေးပြီး နှုတ်ခမ်းကို အေးမြစေပါလိမ့်မယ်။

နှင်းဆီပွင့်ချပ်

နှင်းဆီပွင့်ချပ် ၆ ချပ်၊ ၇ ချပ်ခန့်ကို နွားနို့ထဲမှာ တစ်ညခန့် စိမ်ထားလိုက်ပါ။ မနက်မိုးလင်းလာတဲ့အခါ ငရုတ်ကျည်ပွေ့အသုံးပြုပြီး ထိုပွင့်ချပ်များကို ချေလိုက်ပါ။ ရရှိလာတဲ့ ပွင့်ချပ်အကြေအစများကို နွားနို့အနည်းငယ်ဖြင့် ရောနှောပြီးနောက် နှုတ်ခမ်းပေါ်မှာ သုတ်လိမ်းပေးလိုက်ပါ။ ၅ မိနစ်မှ ၁၀ မိနစ်ခန့်အထိ ထားထားလိုက်ပါ။ ပြီးမှ ရေနဲ့ ဆေးကြောပေးရပါမယ်။

နွားနို့အစား ပျားရည်၊ ထောပတ်တို့ဖြင့်လည်း အစားထိုး အသုံးပြုနိုင်ပါသေးတယ်။

Source: Athomediva.com