အားလုံးပဲမင်္ဂလာပါနော်။ ဒီကနေ့ခေတ်မှာ အလုပ်တွေများလာကြတယ်။ အလုပ်တွေကြိုးစားလာကြရတယ်ဆိုတော့ မျက်ကွင်းလေးတွေလည်း မကြာခဏ ညိုရလေ့ရှိပါတယ်။ တချို့ကလည်း မျိုးရိုးကြောင့် နဂိုညိုတာလေးတွေလည်းရှိပါတယ်။

အခုလို မျက်ကွင်းညိုတာကို သက်သာဖို့ဆိုရင် အိပ်ရေးဝဖို့လိုသလို ၊ အရက်၊ ဆေးလိပ်နဲ့ စိတ်ဖိစီးမှုကိုပါ လျှော့ချသင့်ပါတယ်။ ဒီတခါမှာတော့ မျက်ကွင်းညိုတာကို သက်သာစေမယ့် သဘာဝ နည်းလမ်းလေးတွေကို မျှဝေပေးချင်ပါတယ်။

Green Tea

Green Tea အိတ်ကို ရေနွေးနဲ့ခဏစိမ်လိုက်ပြီး ရေခဲသေတ္တာထဲ ခဏအအေးခံလိုက်ကာ မျက်ကွင်းအောက်မှာ ၁၀ မိနစ်လောက် ကပ်ပေးလိုက်ပါ။

သခွားသီး

သခွားသီးကလည်း သင့်အသားအရေကို နူးညံ့စေပြီး မျက်ကွင်းညိုတာကို သက်သာစေပါတယ်။ သခွားသီးကို ခပ်ပါးပါးလေးလှီးပြီး မျက်ကွင်းအောက်မှာ ကပ်ပေးလိုက်ပါ။ ပြီးရင် နာရီဝက်လောက်ထားပါ။

နွားနို့

နွားနို့မှာ ပရိုတင်းနဲ့ အဆီဓာတ်ပါဝင်ပြီး အသားအရေကို စိုပြေစေပါတယ်။ နွားနို့အေးအေးလေးကို မျက်ကွင်းအောက်မှာ လိမ်းပေးပြီး ၁၅ မိနစ်လောက် ထားပေးလိုက်ပါ။ ပြီးရင် ရေဆေးချလိုက်ပါ။

အာလူး

အာလူးအစိမ်းကို ပါးပါးလှီးလိုက်ပြီး သင့်မျက်ကွင်းအောက်မှာ ကပ်ပေးလိုက်ပါ။ ပြီးရင် ၁၀ မိနစ်လောက်ထားပြီး ရေပြန်ဆေးချပါ။

ခရမ်းချဉ်သီး

ခရမ်းချဉ်သီးကို ပါးပါးလှီးပြီးဖြစ်ဖြစ် ခရမ်းချဉ်သီးအနှစ်ကိုပဲဖြစ်ဖြစ် မျက်ကွင်းအောက်မှာ ကပ်ပေးလိုက်ပါ။ ပြီးရင် ၁၀ မိနစ်လောက် ထားပြီး ရေဆေးချလိုက်ပါ။