ရာသီဥတုပူလောင်အိုက်စပ်တဲ့အတွက်ကြောင့် ခန္ဓာကိုယ်မှ ချွေးထွက်များခြင်း၊ ချွေးထွက်လွန်ခြင်းတို့ကြောင့် ပြင်းထန်စူးရှတဲ့ကိုယ်နံ့တွေက စိတ်အနှောင့်အယှက်ဖြစ်စေတာ အမှန်ပါပဲ။ ချွေးထွက်လွန်ပြီး အနံ့အသက်မကောင်းတဲ့အတွက်ကြောင့် လူကြားထဲမှာ မဝံ့မရဲနဲ့ ကိုယ့်ကိုယ်ကို ယုံကြည်မှုလည်း လျော့ကျစေပါတယ်။ ကိုယ်နံ့ကို ဖုံးကွယ်ဖို့အတွက် ရေမွှေးတွေ၊ Roll-On တွေ ဆွတ်ပေမယ့် သူတို့တွေကလည်း ဆွတ်တုန်းခဏ နာရီပိုင်းလောက်ပဲ ကူညီပေးနိုင်ကြတာပါ။

ဒါဆိုရင် လူကြားထဲမှာ မဝံ့မရဲဖြစ်စေတဲ့ ပြင်းထန်တဲ့ကိုယ်နံ့ကို ဖျောက်ဖျက်ပေးနိုင်တဲ့ ဆေးစွမ်းကောင်းတွေ မရှိတော့ဘူးလား။

ရှိတာပေါ့။ သဘာဝဆေးစွမ်းကောင်းတွေက ပေါမှပေါပါ။ အလွယ်တကူ ဝယ်ယူရရှိနိုင်ပြီး ဘေးထွက်ဆိုးကျိုးတွေ မခံစားရတဲ့အတွက်ကြောင့် စိတ်ချလက်ချအသုံးပြုနိုင်တဲ့ သဘာဝပစ္စည်းလေးတွေပါပဲ။

အုန်းဆီ

ကိုယ်သင်းနံ့လေးကို သင်းပျံ့စေဖို့အတွက် အုန်းဆီက ကောင်းကောင်းကူညီပေးနိုင်ပါတယ်။ ခန္ဓာကိုယ်ပေါ်မှာ ကပ်ငြိနေတဲ့ ဘက်တီးရီးယားများကို ဖယ်ရှားပေးပြီး ပြင်းထန်တဲ့ကိုယ်နံ့ မနံအောင် ကူညီပေးပါတယ်။ ရေချိုးပြီးတဲ့အချိန်တိုင်း ဂျိုင်းကြားနေရာကို အုန်းဆီလေးနဲ့ တစ်နေ့နှစ်ကြိမ်ခန့် သုတ်လိမ်းပေးလိုက်ပါ။ အစားအစာ စားသုံးတဲ့အခါမှာလည်း အုန်းဆီအသုံးပြုမယ်ဆိုရင် အကျိုးသက်ရောက်မှု ပိုမိုကောင်းမွန်ပါတယ်။

သံပုရာသီး၊ သံပုရိုသီး၊ ရှောက်သီးများ

ဂျိုင်းချွေးနံ့တစ်ခုတည်း အနံ့အသက်ပြင်းတာမဟုတ်ပါဘူး။ ခြေထောက်နံ့တွေကလည်း စိတ်အနှောင့်အယှက်ဖြစ်စေပါတယ်။ သံပုရိုရည် (သို့) သံပုရာရည်တစ်ဖန်ခွက်ကို မနက်ပိုင်းမှာ သောက်သုံးပေးပါ။ နောက်ထပ်နည်းလမ်းတစ်ခုကတော့ သံပုရာသီးကို ထက်ခြမ်းခြမ်းပြီး ခြေဖဝါး၊ ဂျိုင်းကြားနေရာတွေမှာ ပွတ်တိုက်ပေးပါ။ မိနစ်အနည်းငယ် လေသလပ်ထားပြီးနောက် ရေချိုးပေးလိုက်ပါ။

သစ်ကြမ်းပိုးခေါက်

အစားအသောက်တွေထဲကို သစ်ကြမ်းပိုးခေါက်ထည့်ချက်ပြီး စားသုံးခြင်းက အလေ့အကျင့်ကောင်းတစ်ခုပဲဖြစ်ပါတယ်။ ခံတွင်းနံ့ နံခြင်းကို သက်သာပျောက်ကင်းစေတဲ့ သဘာဝဆေးစွမ်းကောင်းတစ်ခုပါပဲ။ နေ့စဉ်မှန်မှန်မှီဝဲမယ်ဆိုရင် ချွေးထွက်လွန်ခြင်းမှ ကာကွယ်ပေးပြီး အနံ့အသက်ဆိုးများ ဖယ်ရှားပေးပါတယ်။

လက်ဖက်စိမ်း

လက်ဖက်စိမ်းနေ့စဉ်သောက်သုံးခြင်းက ချွေးထွက်လွန်စေတဲ့ ဘက်တီးရီးယားပိုးမွှားများ ပေါက်ဖွားနှုန်းကို တားဆီးပေးပြီး ခြေထောက်အနံ့ နံခြင်း၊ ခန္ဓာကိုယ် အနံ့အသက်ပြင်းခြင်းနဲ့ ခံတွင်းအနံ့ဆိုးခြင်းတို့ကိုလည်း ဖယ်ရှားပေးပါတယ်။ ဒါတင်မကသေးပါဘူး။ ခန္ဓာကိုယ်ကို ကျစ်လျစ်သွယ်လျစေတာကြောင့် ဝိတ်ချချင်သူတွေအတွက်လည်း သင့်တော်ပါတယ်။