ဈေးကြီးပေးဝယ်ရတဲ့ အလှကုန်ပစ္စည်းတွေက ကိုယ်နဲ့ကိုက်ညီမယ်ဆို ဝယ်သုံးရတာ တန်ပါတယ်။ ဒါပေမယ့် တချို့ပစ္စည်းတွေက ကိုယ်ကြုံတွေ့နေရတဲ့ ပြဿနာတွေ၊ လိုချင်တဲ့ရလဒ်တွေကို မပေးစွမ်းနိုင်လို့ အလကား ပိုက်ဆံကုန်တာပဲ အဖတ်တင်မှာပါ။

မိန်းကလေးတွေအတွက် ဒုတိယမျက်နှာဖြစ်တဲ့ ဆံပင်ဆိုရင် ထူထူထဲထဲ၊ နူးညံ့တာမျိုးကို ပျိုမေတိုင်း လိုချင်ကြတာဖြစ်လို့ ဘေးထွက်ဆိုးကျိုးလည်းမရှိဘဲ ကိုယ့်အတွက်လည်း ကောင်းကျိုးဖြစ်စေမယ့် သဘာဝနည်းလမ်းလေးတွေကို အခုပဲ မျှဝေပေးချင်ပါတယ်။

၁။ ကြက်ဥအကာ

ဆံပင်ကျွတ်ခြင်း၊ ဆံပင်ကျိုးကြေခြင်း၊ ပျက်စီးနေတဲ့ဆံသားတွေနဲ့ ဆံပင်ရှည်မြန်စေဖို့ ကြက်ဥအကာကို သူ့အတိုင်းဖြစ်ဖြစ်၊ တခြားပါဝင်ပစ္စည်းတွေနဲ့ဖြစ်ဖြစ် အတူတွဲပြီး သုံးပေးနိုင်ပါတယ်။

ကြက်ဥ ၂ လုံးကိုဖောက်ပြီး အနှစ်သပ်သပ်၊ အကာသပ်သပ် ခွဲလိုက်ပါ။ ကြက်ဥအကာကိုပဲ သင်လိုအပ်ပါတယ်။ ကြက်ဥအကာထဲကို အုန်းဆီ စားပွဲတင်ဇွန်း ၂ ဇွန်းထည့်ပြီး သေချာနှံ့အောင်မွှေပေးပါ။ ပြီးရင် ရေစိုနေတဲ့ဆံပင်မှာ လိမ်းပေးပြီး မိနစ် ၂၀ ထားပြီးနောက် ရေနဲ့ခေါင်းပြန်လျှော်ပေးနိုင်ပါတယ်။

၂။ ရှားစောင်းလက်ပက်

အဆီပြန်တဲ့ဆံသားတွေ၊ ကောက်ထားတဲ့ဆံသားတွေနဲ့ ခြောက်သွေ့ပြီးကျိုးကြေပျက်စီးနေတဲ့ ဆံပင်တို့အတွက် ရှားစောင်းလက်ပတ်က အစိုဓာတ်ဖြည့်တင်းပေးနိုင်သလို ဆံပင်ကျွတ်တာလည်း သက်သာစေပါတယ်။

ရှားစောင်းလက်ပတ် အနှစ် စားပွဲတင်ဇွန်း ၂ ဇွန်းကို သံလွင်ဆီ စားပွဲတင်ဇွန်း ၁ ဇွန်းနဲ့ အတူရောပြီး ဆံပင်အလယ်နားကနေ အဖျားအထိ လိမ်းပေးပါ။ ပြီးမှ ဦးရေပြားကိုလိမ်းပါ။ သေချာလိမ်းပြီးပြီဆို shower cap စွတ်ပြီး အနှစ်တွေစီးကျမလာအောင် အပေါ်ကနေ တဘက်ပတ်ထားပါ။ မိနစ် ၃၀ ထားပြီးပြီဆို ခေါင်းလျှော်လို့ရပါပြီ။

၃။ ထောပတ်သီး

သဘာဝအဆီဓာတ်ကြွယ်ဝတဲ့ ထောပတ်သီးက ဆံသားကိုအားဖြည့်ပေးလို့ ကျိုးကြေပျက်စီးခြင်းမှ ကာကွယ်ပေးပါတယ်။

ထောပတ်သီးတစ်လုံးကို အနှစ်တွေထုတ်ပြီး ခြေပေးပါ။ rosemary oil နဲ့ အုန်းဆီအနှစ် စားပွဲတင်ဇွန်း ၁ ဇွန်းစီကို ထပ်ထည့်ပါ။ နောက်ပန်းကန်လုံးတစ်ခုထဲမှာ ကြက်ဥအနှစ် ၁ လုံးကို ခလောက်ပါ။ ပြီးရင် ပါဝင်ပစ္စည်းတွေ အကုန်စုပေါင်းပြီးမွှေကာ ခေါင်းမှာလိမ်းပေးပါ။ ၁၀ မိနစ်ကနေ မိနစ် ၂၀ အထိ ပေါင်းတင်ပြီးရင် ခေါင်းလျှော်နိုင်ပါပြီ။

၄။ ငှက်ပျောသီး

ငှက်ပျောသီးမှာ silica ပါဝင်လို့ collagen ကို များများထုတ်လွှတ်နိုင်စေကာ ဆံပင်ကို သန်စွမ်းနက်နဲစေပါလိမ့်မယ်။ ဒါ့အပြင် ဆံသားကိုလည်း နူးညံ့စေပါတယ်။

ငှက်ပျောသီး ၁ လုံး သို့မဟုတ် ၂ လုံးကို ပန်းကန်လုံးတစ်ခုထဲမှာ ထည့်ခြေကာ အုန်းဆီအနှစ် စားပွဲတင်ဇွန်း ၁ ဇွန်းထပ်ထည့်ပါ။ နှစ်ခုလုံးကို အနှစ်ဖြစ်အောင် သေချာရောမွှေပြီးရင် ဆံပင်မှာလိမ်းကာ ၁၀ မိနစ်ကနေ ၁၅ မိနစ်လောက်ထားပြီး ပေါင်းတင်ပါ။ အချိန်ပြည့်ရင် ခေါင်းလျှော်လိုက်ပါ။

Image Source: BrightSide

By MyStyle Myanmar