နွေရာသီမှာ ရာသီဥတုပူအိုက်တဲ့အတွက်ကြောင့် ခြေဖဝါးတွေမှာ ချွေးစေးတွေ ထွက်နိုင်သလို မိုးရာသီမှာလည်း ခြေထောက်ဟာ ရွံ့ရေများနှင့် မကြာခဏ ထိတွေ့ရတတ်ပါတယ်။

မိုးတွင်းစီး ညှပ်ဖိနပ်စီးထားရင်တော့ သိပ်မသိသာပေမယ့် ခြေအိတ်များနှင့် အလုံပိတ်ဖိနပ်များ ဝတ်ဆင်ရတဲ့အခါ ခြေထောက်ရနံ့တွေ ပြင်းတတ်ပါတယ်။

အကြောင်းအမျိုးမျိုးကြောင့် ခြေထောက်အနံ့ပြင်းထွက်ကာ စိတ်ညစ်နေရတဲ့သူတို့အတွက် သဘာဝ နည်းလမ်း ကောင်းများ ဝေမျှပေးချင်ပါတယ်။

ဆားဖြင့် ခြေထောက်ရေစိမ်ပါ

Epsom ဆား စားပွဲတင်ဇွန်း ၈ ဇွန်းခန့်ကို ဇလုံအကြီးတစ်လုံးထဲ ထည့်လိုက်ပါ။ ထို့နောက် ရေနွေးပူအနည်းငယ် လောင်းထည့်ကာ ခြေထောက်ကို ၁၀ မိနစ်မှ မိနစ် ၂၀ ခန့် အထိ စိမ်ထားရမှာဖြစ်ပါတယ်။

Epsom ဆားဟာ ခြေထောက်မှာ ကပ်ညှိနေတတ်တဲ့ ဘက်တီးရီးယားများကို ဖယ်ရှားပေးပြီး ခြေထောက်ရနံ့ဆိုးထွက်ခြင်းမှလည်း ကာကွယ်ပေးပါတယ်။ တကယ်လို့ Epsom ဆား အလွယ်တကူ ဝယ်မရဘူးဆိုရင်တော့ ရှာလကာရည်ဖြင့်လည်း အစားထိုး အသုံးပြုနိုင်ပါတယ်။

ရေချိုးပြီးချိန်မှာပဲဖြစ်ဖြစ်၊ ညအိပ်ရာဝင်ခါနီးအချိန်မှာပဲဖြစ်ဖြစ် ပြုလုပ်ပေးနိုင်ပါတယ်။

ရှာလကာရည်ဖြင့် ခြေထောက်ကို ဘယ်လိုရေစိမ်ထားရမလဲ

ရေဇလုံထဲတွင် ရေနွေးပူအနည်းငယ် လောင်းထည့်လိုက်ပါ။ ထို့နောက် ရှာလကာရည် အနည်းငယ် လောင်းထည့်လိုက်ပါ။ ရှာလကာရည်နှင့် ရေသည် တစ် အချိုး နှစ် ဖြစ်နေရပါမယ်။ (ရှာလကာရည် တစ်ဆ၊ ရေ နှစ်ဆ)

ထို့နောက် စောစောကလိုပဲ ခြေထောက်ကို ၁၀ မိနစ်မှ မိနစ် ၂၀ ခန့်အထိ စိမ်ထားပေးရမှာဖြစ်ပါတယ်။ သင့်ခြေဖဝါးမှာ ရှရာ၊ ပွန်းပဲ့ဒဏ်ရာများ ရှိနေပါက ဒီနည်းလမ်းကို အသုံးမပြုပါနဲ့။ ပန်းသီးရှာလကာရည်ဖြင့်လည်း အစားထိုး အသုံးပြုနိုင်ပါတယ်။

ခြေထောက်ကို သန့်စင်ခြောက်သွေ့အောင် ထားပါ

သင့် ခြေထောက် ရနံ့ဆိုးများကို ဖယ်ရှားဖို့ရန်အတွက် အထက်ဖော်ပြပါနည်းလမ်းများထဲက ဘယ်နည်းလမ်းပဲ ရွေးရွေး အဓိက အရေးအကြီးဆုံးအချက်ကတော့ ခြေထောက် ရေစိမ်ပြီးတာနဲ့ ခြေထောက်ကို ခြောက်သွေ့အောင် သုတ်ပေးဖို့ပါပဲ။

ရေချိုးပြီးတဲ့အချိန်ပဲဖြစ်ဖြစ်၊ ရေကူးပြီးတဲ့အချိန်ပဲဖြစ်ဖြစ် သင့်ခြေထောက်ကို ရေ ခြောက်အောင် သုတ်ပါ။ ဘာ့ကြောင့်လဲဆိုတော့ ခြေထောက်ရနံ့ပြင်းခြင်းသည် ထိုကဲ့သို့သောအစိုဓာတ်များကြောင့် ဖြစ်ပေါ်ရခြင်းဖြစ်ပါတယ်။ ဒါ့အပြင် သင့်ရဲ့ ဖိနပ်များနှင့် ခြေအိတ်တို့ကိုလည်း တတ်နိုင်သမျှ ခြောက်သွေ့အောင် ထားရမှာဖြစ်ပါတယ်။

ဖိနပ်များကို အမြဲတစေ သန့်ရှင်းရေးပြုလုပ်ပါ

သင့်ဖိနပ်က ပစ်ထားတာများလို့ မှိုနံ့လိုလို စိမ်းရွှင်ရွှင်အနံ့လိုလို ထူးဆန်းတဲ့အနံ့များ ရနေတတ်ပါသလား။ ဒါဆိုရင်တော့ သင့် ဖိနပ်ကို သန့်ရှင်းရေး ပြုလုပ်ဖို့လိုအပ်လာပါပြီ။

တကယ်လို့ သင့်ဖိနပ်က ရေစိုခံတယ်ဆိုရင် သန့်စင်ဆေးရည်များ အသုံးပြုပြီး သေချာတိုက်ချွတ်ဆေးကြောကာ နေရောင်ပြလိုက်ပါ။ သို့မဟုတ် သင့်ဖိနပ်က ရေစိုမခံတဲ့ ဖိနပ်မျိုးဆိုရင်တော့ အဝတ်စဖြင့် သေချာ ပွတ်တိုက်ကာ ၂၄ နာရီခန့် နေရောင်ကောင်းကောင်းပြပေးလိုက်ပါ။

ပြောင်းမှုန့် အသုံးပြုပါ

ပြောင်းမှုန့်သည်လည်း ခြေထောက် အနံ့အတွက် သဘာဝ နည်းလမ်း ကောင်းတစ်ခုပဲဖြစ်ပါတယ်။ ဖိနပ်အတွင်းသားထဲသို့ ပြောင်းမှုန့်အနည်းငယ် ဖြူးထည့်ပေးလိုက်ပါ။

ဒါဆိုရင်တော့ ခြေထောက်မှာ ကပ်ငြိနေတဲ့ အစိုဓာတ်ကို ပြောင်းမှုန့်က စုပ်ယူသွားပြီး သင့်ခြေထောက်ကို ခြောက်ခြောက်သွေ့သွေ့လေးဖြစ်သွားအောင် ကူညီပေးပါလိမ့်မယ်။ တကယ်လို့ ပြောင်းမှုန့် အသုံးမပြုချင်ပါက မုန့်ဖုတ်ဆိုဒါ (သို့) ပေါင်ဒါအသုံးပြုလို့လည်း ရပါသေးတယ်။