ဆံပင်နဲ့ပတ်သက်ပြီး အဖြစ်အများဆုံး ပြဿနာတွေလို့ ပြောလိုက်ရင် ဗောက်ထတာ ၊ ဦးရေပြားခြောက်ပြီး ဆံပင်ခြောက်သွေ့ကြမ်းတမ်းတာနဲ့ ဆံပင်ကျွတ်/ထိပ်ပြောင်တာတွေက ထိပ်ဆုံးက ရှိပါတယ်။

ဆံပင်ဆိုတာမျိုးကလည်း လေထု ၊ ဖုန်ထု အညစ်အကြေးတွေကြောင့်ရော ဓါတုဗေဒပစ္စည်းတွေ တနင့်တပိုးပါတဲ့ Hair Products တွေ သုံးတာကြောင့်ရော အနေအထိုင်မဆင်ခြင်တာကြောင့်ပါ ပျက်စီးနိုင်တာမျိုးပါ။

ဆံပင်တွေ ပျက်စီးလာတာကို ကာကွယ်ဖို့ သဘာဝပါဝင်ပစ္စည်းတွေနဲ့ ဆံသားအားဖြည့်ပြီး ကုသကာကွယ်နိုင်ပါတယ်။ အိမ်မှာတင် Hair Treatment လုပ်နိုင်တာတွေ ရှိပါတယ်။

ဒီတစ်ခေါက်မှာတော့ ဆံပင်နဲ့ပတ်သက်ပြီး ပြဿနာတွေ ကြုံနေတဲ့သူတွေအတွက် အိမ်မှာတင် ကိုယ့်ဘာသာ DIY လုပ်နိုင်မယ့် သဘာဝ Hair Mask လေးတွေအကြောင်း မျှဝေပေးချင်ပါတယ်။

(၁) ဗောက်ထပြီး ဆံသားယားယံခြင်း

ဗောက်ထတယ်ဆိုတာ အဖြစ်အများဆုံး ဆံပင်ပြဿနာတစ်ခုပါပဲ။ ဗောက်ထတာအတွက် ဒိန်ချဉ် ၊ သံပုရာရည် နဲ့ အုန်းဆီလို ဆီတစ်မျိုး လိုပါတယ်။ ဒိန်ချဉ် စားပွဲတင်ဇွန်း ၂ ဇွန်းထဲ သံပုရာအရည်အနည်းငယ် ညှစ်ထည့်ပြီး အုန်းဆီတစ်ဇွန်းလောက် ထည့်မွှေပေးပါ။

ပြီးရင် ဆံပင်ပေါ် နာရီဝက်လောက် ထားပြီးမှ ခေါင်းလျှော်ပေးရမှာ ဖြစ်ပါတယ်။ တစ်ပတ်ကို နှစ်ကြိမ်လောက် လုပ်နိုင်ပါတယ်။

(၂) ဆံပင်ကျွတ်ခြင်း

ကြက်သွန်နီဟာ သက်လတ်ပိုင်းလူရွယ်တွေ အဖြစ်များတဲ့ ဆံပင်ကျွတ်တဲ့ပြဿနာကို ဖြေရှင်းဖို့ ထိရောက်တဲ့အိမ်တွင်း ဆေးတစ်လက် ဖြစ်ပါတယ်။ ကြက်သွန်နီဟာ ဆံသားတွေ သန်စွမ်းစေပြီး ဆံပင်သစ်တွေ ပေါက်လာအောင် ကူညီပေးပါတယ်။ ဆံပင်ကျွတ်ရင် ကြက်သွန်နီတစ်လုံးနဲ့ ကြက်ဆူဆီသုံးပြီး Hair Mask လုပ်နိုင်ပါတယ်။

ကြက်သွန်နီကို အရည်ထွက်အောင် ကြိတ်ပြီး စစ်ယူထားပါ။ ပြီးရင် ကြက်ဆူဆီတစ်ဇွန်းနဲ့ အရည်စစ်ထားတဲ့ ကြက်သွန်နီအရည် ရောစပ်ပြီး ဆံပင်မှာ လိမ်းကာ နှိပ်ပေးရမှာ ဖြစ်ပါတယ်။ ကြက်သွန်နီက အနံ့ဆိုးတာ ဖြစ်လို့ အနံ့မွှေးတဲ့ ခေါင်းလျှော်ရည်နဲ့ ဆေးချပေးဖို့ လိုပါတယ်။ ဒါကတော့ တစ်ပတ်တစ်ကြိမ် လုပ်ရင် ရပါတယ်။

(၃) ဆံသားခြောက်သွေ့ခြင်း

ဆံပင်အစိုဓါတ်ထိန်းဖို့အတွက် Hair Mask တစ်ခုလုပ်မယ်ဆိုရင် ဆံသားတောက်ပစေတဲ့ ကြက်ဥ နဲ့ အားဖြည့်စေနိုင်တဲ့ ပျားရည် ရှိရင် ရပါတယ်။ ကြက်ဥတစ်လုံး ခွဲပြီး ပျားရည်တစ်ဇွန်းနဲ့ ရောပါ။ ပြီးရင် ဆံပင်မှာ သေချာ သုတ်လိမ်းပြီး ခေါင်းမလျှော်ခင် ၁၅ မိနစ်လောက် ထားပေးရမှာ ဖြစ်ပါတယ်။