နေလောင်ဒဏ်၊ ဆိုးဆေးဒဏ်နဲ့ အခြားသော ဓာတုဆိုးဆေးဒဏ်များ၊ ဆံပင်လေမှုတ်စက်၊ ဖြောင့်စက် ကောက်စက်တွေကြောင့် ဆံကေသာက ရစမရှိအောင် ပျက်စီးကြမ်းတမ်းနေပြီလား။

အခုဖော်ပြပေးမယ့် သဘာဝပေါင်းတင်နည်းတွေကို အသုံးပြုပေးမယ်ဆိုရင်တော့ ပျက်စီးကြမ်းတမ်းနေတဲ့ ဆံကေသာလေးက ပိုးသားလေးလို ပြန်လည်နူးညံ့လာတာကို မျက်ဝါးထင်ထင်တွေ့မြင်ရပါလိမ့်မယ်။

ထောပတ်သီးဖြင့် ပေါင်းတင်ပါ

ထောပတ်သီးမှည့်တစ်လုံးကို အနှစ်များရအောင် ချေလိုက်ပါ။ ထို့နောက် သံလွင်ဆီဖြင့် သမအောင် မွှေပေးလိုက်ပါ။ ထို့နောက် သင့်ရဲ့ဆံကေသာကို ရေစိုသွားအောင် ရေဖြင့် လျှော်ချလိုက်ပါ။ ထို့နောက် ထောပတ်သီးအနှစ်များကို ဆံကေသာအရင်းမှအဖျားအထိ သုတ်လိမ်းပေးလိုက်ပါ။

၂၅ မိနစ်၊ မိနစ် ၃၀ ခန့်ကြာသွားပါက ဦးရေပြားကို နှိပ်နယ်ပေးလိုက်ပါ။ ပြီးမှ ခေါင်းလျှော်ချလိုက်ပါ။ ထောပတ်သီးက သင့်ရဲ့ဆံကေသာကို ဗီတာမင်နဲ့ အာဟာရဓာတ်များ ဖြည့်တင်းပေးတာကြောင့် ဆံကေသာကို ပျော့ပျောင်းနူးညံ့စေပါလိမ့်မယ်။

ကြက်ဥဖြင့် ပေါင်းတင်ပါ

ကြက်ဥ ၂ လုံးကို သံလွင်ဆိ စားပွဲတင်ဇွန်း ၄ ဇွန်းဖြင့် သမအောင် မွှေခလောက်ပေးလိုက်ပါ။ ထို့နောက် ဆံကေသာပေါ် သုတ်လိမ်းပေးလိုက်ပါ။ ထို့နောက် ဆံကေသာကို Shower Cap လေးဖြင့် အုပ်ထားလိုက်ပါ။ မိနစ် ၂၀၊ ၂၅ မိနစ်ကြာမှ ရေဆေးချလိုက်ပါ။ ခေါင်းလျှော်ပြီးတဲ့နောက်မှာတော့ သင့်ဆံကေသာက နူးညံ့တောက်ပြောင်နေတာကို တွေ့မြင်ရပါလိမ့်မယ်။

ငှက်ပျောသီးဖြင့် ပေါင်းတင်ပါ

ငှက်ပျောသီးမှည့် ၂ လုံးကို အခွံခွာပြီးနောက် သံလွင်ဆီ (သို့) နွားနို့ စားပွဲတင်ဇွန်း ၁ ဇွန်းဖြင့် ရောမွှေပေးလိုက်ပါ။ ထို့နောက် ဆံပင်ကို ရေဖြင့် အရင်လျှော်ချလိုက်ပြီးနောက် ထိုငှက်ပျောသီးအနှစ်ကို ဆံကေသာအရင်းကနေ အဖျားအထိ သုတ်လိမ်းပေးလိုက်ပါ။ မိနစ် ၂၀၊ မိနစ် ၃၀ ခန့် ကြာမှ ရေဆေးချလိုက်ပါ။ သင့်ရဲ့ဆံကေသာက ပိုးသားလေးလို နူးညံ့သွားပါလိမ့်မယ်။

ထိုပေါင်းတင်နည်းများထဲက မိမိကြိုက်နှစ်သက်ရာပေါင်းတင်နည်းတစ်မျိုးမျိုးဖြင့် တစ်ပတ် တစ်ကြိမ်၊ နှစ်ကြိမ်ခန့် ပေါင်းတင်ပေးမယ်ဆိုရင်တော့ ပျက်စီးကြမ်းတမ်းနေတဲ့ ဆံကေသာတွေကို လက်ပြနှုတ်ဆက်လိုက်လို့ရပြီပေါ့။

Source: Bellatory.com

By MyStyle Myanmar