တကယ်လို့ သင်ဟာ ဆယ်ကျော်သက်ပဲဖြစ်ဖြစ်၊ ၂၀ ကျော်ပဲဖြစ်ဖြစ် ၃၀ ကျော်ပဲဖြစ်ဖြစ် အခုချိန်ထိ မိသားစု ဆိုတဲ့ စကားလုံးရဲ့ လေးနက်မှု၊ သင့်ဘဝအတွက် အဖိုးတန်မှုတို့ကို ယနေ့အချိန်ထိ နားမလည်သေးဘူးဆိုရင် သင့်ရဲ့ဘဝကို ပြောင်းလဲစေနိုင်တဲ့ သင့်ရဲ့အတွေးအမြင်တွေကို ပြောင်းလဲပစ်စေနိုင်မယ့် ရုပ်ရှင်ကားတချို့အကြောင်း လက်တို့ချင်ပါတယ်။

Life Changing ဖြစ်စေတယ်ဆိုတာ တခြားမဟုတ်ပါဘူး။ ဒီရုပ်ရှင်တွေက သင်တို့ရဲ့ မိသားစုအ‌ပေါ် ယခင်က အတွေးအမြင်တွေအပေါ် လွှမ်းမိုးမှု ရှိစေနိုင်လို့ပဲ ဖြစ်ပါတယ်။

“Father Is Strange”

Source: JustWatch

ပထမဦးဆုံး မိတ်ဆက်ပေးချင်တာကတော့ “Father Is Strange” ဆိုတဲ့ ဇာတ်ကားလေးပဲဖြစ်ပါတယ်။ ကိုရီးယားဒရမ်မာခရေဇီတွေအနေနဲ့ကတော့ မစိမ်းလောက်ပေမယ့် မကြည့်ဖူးသေးသူတွေအတွက် ဝေမျှပေးပါရစေ။ ဒီဇာတ်ကားလေးမှာတော့ ဝါရင်သရုပ်ဆောင်များဖြစ်ကြတဲ့ မင်းသားကြီး Kim Young Chul နဲ့ မင်းသမီးကြီး Kim Hae Sook တို့က သမီးသုံးယောက်၊ သားတစ်ယောက်တို့ရဲ့ အဖေနဲ့အမေနေရာကနေ သရုပ်ဆောင်ထားကြပါတယ်။

မိသားစုဝင်တွေကြားက ရယ်မောစရာ၊ ငိုကြွေးစရာကောင်းတဲ့ တစ်ဦးနဲ့တစ်ဦး ပြောဆိုဆက်ဆံကြပုံတွေကို ဇာတ်ကားတစ်ကားထဲမှာပဲ ကြည့်ရှုချင်သူတွေအတွက် “Father Is Strange” ဇာတ်ကားလေးက အသင့်တော်ဆုံးပါပဲ။ စုစုပေါင်း အပိုင်း ၅၂ ပိုင်း ပါဝင်ပေမယ့် တစ်ပိုင်းနဲ့တစ်ပိုင်းက မရိုးရဘဲ ဇာတ်သိမ်းအထိ သင့်ကို ဆွဲခေါ်သွားမှာပါ။

၂၀၁၇ ခုနှစ် KBS Drama Awards မှာ Grand Prize ဆုကို ထိုက်ထိုက်တန်တန် ဆွတ်ခူးရရှိခဲ့တဲ့ ဇာတ်ကားတစ်ကားဖြစ်လို့ အချိန်ပေးပြီးကြည့်လိုက်ရလို့ သင့်ကို နောင်တရစေမှာမဟုတ်ပါဘူး။

“Five Enough”

ဇာတ်လမ်းအကျဥ်းလေးကို ပြောရမယ်ဆိုရင်တော့ ကလေးနှစ်ယောက်အဖေ မုဆိုးဖိုနဲ့ ဖောက်ပြန်တဲ့ခင်ပွန်းအကြောင်းကို သားသမီးတွေကို အမှန်အတိုင်း မပြောပြနိုင်တဲ့ တစ်ခုလပ်မိခင်တို့ကြားက မမျှော်လင့်ဘဲ ဖြစ်တည်လာခဲ့တဲ့ ချစ်ခြင်းတရားအကြောင်းလေးပဲဖြစ်ပါတယ်။

အပိုင်း ၅၄ ပိုင်း ပါဝင်ပြီး ကြည့်ရှုသူတိုင်းအပေါ် အချိန်အတော်ကြာ စွဲကျန်နေမယ့် ခံစားချက်မျိုးကို ပေးစွမ်းမယ့် နောက်ထပ်မိသားစုဇာတ်လမ်းတွဲတစ်ခုပါ။

“Reply 1988”

“Reply 1988” ဇာတ်လမ်းတွဲဟာ အင်မတန်နာမည်ကြီးလှတဲ့ “Reply” စီးရီးထဲက တစ်ခုအပါအဝင်ဖြစ်ပြီး သင်အပါအဝင် မိသားစုဝင်တွေပါ ပျော်ရွှင်ကြည်နူးစွာ ကြည့်ရှုနိုင်မယ့် ဇာတ်လမ်းတွဲတစ်ခုဖြစ်ပါတယ်။ ချစ်သူရည်းစားခံစားချက်တွေထက် သူငယ်ချင်းသံယောဇဥ်နဲ့ မိသားစုအပေါ်မှာ ပိုအလေးထားရိုက်ကူးထားပါတယ်။

နောက်ထပ်ထူးခြားချက်တစ်ခုကတော့ ခေတ်နောက်ပြန်ထားတဲ့ ဇာတ်အိမ်ဖြစ်လို့ တချိန်တုန်းက ဝတ်စားခဲ့တဲ့ ဖက်ရှင်တွေ၊ ဆံပင်စတိုင်လ်တွေနဲ့ အသုံးအဆောင်ပစ္စည်းတွေ စတာတွေကို မြင်တွေ့နိုင်မှာဖြစ်ပါတယ်။

“What Happens To My Family”

မိသားစုတိုင်းမှာ သူ့ပြဿနာနဲ့သူ ရှိတတ်ကြပေမယ့် မိသားစုတစ်ခုရဲ့အိမ်ထောင်ဦးစီးက သူ့သားသမီးတွေရဲ့အချိုးအပေါ် ကြည့်မရဖြစ်လာပြီဆိုရင်တော့ ဘာတွေဖြစ်လာနိုင်မလဲ။ တတိယမြောက် မိတ်ဆက်ပေးချင်တဲ့ မိသားစုဇာတ်ကားလေးကတော့ “What Happens To My Family” ပဲဖြစ်ပါတယ်။

ဒီဇာတ်ကားထဲမှာတော့ မင်းသားကြီး Yoo Dong-geun က ဖခင်နေရာကနေ သရုပ်ဆောင်ထားပြီး လီဆောင်းဦးလို့ မြန်မာပရိတ်သတ်တွေ ရင်းနှီးကြတဲ့ မင်းသမီး Kim Hyun-joo က သမီးကြီး၊ မင်းသား Yoon Park က သားအလတ်နဲ့ ပျိုမေတို့အသည်းကျော် မင်းသား Park Hyung-Sik က သားအငယ်ဆုံးအဖြစ် သရုပ်ဆောင်ထားကြပါတယ်။

“All About My Mom”

ဒီဇာတ်လမ်းတွဲလေးမှာတော့ သူမမိသားစုအတွက် ကြိုးစားပမ်းစားအလုပ်လုပ်ရင်း ပိုက်ဆံရှာပြီး ထောက်ပံ့ပေးနေတဲ့ Jin-ae ဆိုတဲ့ဇာတ်ကောင်ကို မြင်တွေ့ရမှာပါ။ တစ်ဖက်မှာတော့ သူမရဲ့မိခင်ဖြစ်သူ San-ok ကတော့ သူမရဲ့ သားအကြီးကိုသာ ပိုချစ်၊ ပိုဂရုစိုက်နေပါတယ်။

Jin-ae တစ်ယောက် သူမအလုပ်က သူဌေးရဲ့သားနဲ့ ချစ်ကျွမ်းဝင်ပြီး အိမ်ထောင်ကျပြီးနောက် ယောက္ခမနဲ့ အခက်အခဲတွေ ကြုံတွေ့လာရပါတယ်။ ဒီလိုမျိုး အခက်အခဲတွေကို ရင်ဆိုင်ရပြီးနောက်မှာတော့ သူမရဲ့မိခင်အပေါ် ပထမဆုံးအကြိမ် နားလည်ကိုယ်ချင်းစာတတ်လာပါတယ်။

“My Golden Life”

ဒီဇာတ်လမ်းတွဲလေးကတော့ ဘဝအခြေအနေ ပြောင်းလဲဖို့ အခွင့်အရေးဖန်လာပေမယ့် ရှုံးနိမ့်ခဲ့တဲ့ အမျိုးသမီးတစ်ယောက်ကို အဓိကထားပြီး ရိုက်ကူးထားပါတယ်။ ဒါပေမယ့် နောက်ဆုံးမှာ ပျော်ရွှင်မှုကိုရှာတွေ့ဖို့ အခွင့်အရေးရရှိခဲ့ပြီး တစ်ဖက်မှာတော့ သူမနဲ့ပတ်သက်ပြီး ပျော်ရွှင်မှုကို ရှာဖွေဖို့ကြိုးစားနေတဲ့ အမျိုးသားကိုလည်း မြင်တွေ့ရမှာပါ။ ဒီလိုကနေ ဇာတ်လမ်းစဖြစ်လာပြီး နောက်ဆက်တွဲမှာတော့ ဘာတွေဆက်ဖြစ်လာမလဲဆိုတာ ဇာတ်သိမ်းတဲ့အထိ ကြည့်ရှုလိုက်ပါ။

“Marry Me Now”

နောက်ဆုံးမိတ်ဆက်ပေးချင်တဲ့ ဇာတ်လမ်းတွဲလေးကတော့ ၂၀၁၈ ခုနှစ်ကထွက်ရှိခဲ့တဲ့ “Marry Me Now” ပဲဖြစ်ပါတယ်။

အရွယ်ရောက်နေပြီဖြစ်တဲ့ ကလေးလေးယောက် အဖေ မုဆိုးဖို Park Hyo-snob အဖြစ် “What Happens To My Family” ဇာတ်လမ်းထဲက မင်းသားကြီး Yoo Dong-geun ကပဲ သရုပ်ဆောင်ထားပါတယ်။

နှစ်ပေါင်း ၃၆ နှစ်ကြာမြင့်ပြီးနောက်မှာ သူ့အချစ်ဦးနဲ့ ပြန်လည်တွေ့ဆုံခဲ့ရာကနေ သူ့ရဲ့ဘဝ ဘယ်လိုတွေပြောင်းလဲလာမလဲဆိုတာကို ဒီဇာတ်လမ်းလေးထဲမှာ မြင်တွေ့ရမှာဖြစ်ပါတယ်။