ဒီနေ့တော့ MyStyle Myanmar ပရိသတ်ကြီးအတွက်ပြောပြပေးချင်တာကတော့ ပျိုမေတိုင်းသိထားသင့်တဲ့ ဖက်ရှင်ပိုင်းဆိုင်ရာ အကြောင်းအရာ လေးပဲဖြစ်ပါတယ်။ တကယ်တမ်းတော့ ဖက်ရှင်ကျဖို့ဆိုတာက အရမ်းမခက်ခဲလှပါဘူး။ ဘာဝတ်ဝတ် ကြည့်ကောင်းနေတဲ့သူ တစ်ယောက်ဖြစ်လာဖို့၊ လူတွေရဲ့ အမြင်မှာ ကိုယ်ဟာ ဖက်ရှင်ကျတဲ့သူတစ်ယောက်ဖြစ်နေဖို့အတွက် အရမ်းကိုလွယ်ကူရိုးစင်းတဲ့ နည်းလမ်းလေးကို သိထားရုံနဲ့ ဖြစ်ပါတယ်နော်။ ဒါကြောင့် ဘယ်လိုအချက်တွေက ပျိုမေလေးတွေကို ဖက်ရှင်ကျကျ ပြီးပြည့်စုံတဲ့အလှနဲ့ လှနေစေသလဲဆိုတာ….

ဈေးအရမ်းပေါတာတွေကို မဝယ်ပါနဲ့

နာမည်ကြီးတံဆိပ်တွေ၊ branded တွေမှ ဝတ်ရမယ်လို့ ဆိုလိုချင်တာ မဟုတ်ပါဘူးနော်။ ဈေးနှုန်းအသင့်အတင့်နဲ့ အဆင်ပြေတဲ့အဝတ်အစားမျိုးတွေကို ရွေးချယ် ဝတ်ဆင်နိုင်ပါတယ်။ဈေးပေါတဲ့ အကျ်ီနှစ်ထည်ဝယ်မယ့်အစား ဈေးနှုန်းအသင့်အတင့်ရှိတဲ့ အကျ်ီတစ်ထည်ပဲ ဝယ်လိုက်တာမျိုးပေါ့။ ဘာလို့လဲဆိုတော့ ဈေးအရမ်းပေါတဲ့ အဝတ်အစားတွေက ဝယ်ရတာနဲ့ မတန်အောင် ခဏလေးနဲ့ အရောင်မွဲသွားတာ၊ ဟောင်းနွမ်းသွားတာမျိုးတွေ ဖြစ်တတ်တဲ့အပြင် တခါတလေ ဖက်ရှင်သိပ်မကျတတ်ပါဘူးနော်။

ဘယ်လိုအဝတ်အစားက ကိုယ်နဲ့ပိုလိုက်ဖက်သလဲဆိုတာ သိအောင်လုပ်ပါ

ဘာလို့ ကိုယ်နဲ့လိုက်ဖက်တဲ့ဖက်ရှင်ကို သိရမယ်ဆိုတာက တချို့က မြန်မာဝတ်စုံမျိုးနဲ့ ပိုကြည့်ကောင်းသလို၊ တချို့က ဂါဝန်လေးတွေ၊ စကတ်လေးတွေနဲ့ ကြည့်ကောင်းတာမျိုး တစ်ချို့ကျပြန်တော့ ဘောင်းဘီတွေနဲ့မှ ပိုလိုက်ဖက်တာမျိုးပေါ့။ ဒါကြောင့် ကိုယ်နဲ့ လိုက်ဖက်တဲ့ စတိုင်လ်မျိုးကို သိအောင်လုပ်ပြီး အဲဒီ့ဖက်ရှင်မျိုးကို ဉီးစားပေးပြီးဝတ်ဆင်ပေးပါ။ အဲဒါကလည်း သင့်ကို ပိုကြည့်ကောင်းစေရုံသာမက ကိုယ့်ကိုယ်ကိုလည်း ယုံကြည်မှုပိုရှိစေပြီး ဖက်ရှင်ကျစေပါတယ်။

သန့်ရှင်းသန့်ရပ်မှု

တစ်ကိုယ်ရည် သန့်ရှင်းမှုကလည်း ဖက်ရှင်ကျတဲ့ သူတစ်ယောက်အဖို့ သိပ်ကို အရေးပါတဲ့အရာတစ်ခုဖြစ်ပါတယ်။ အဝတ်အစားတွေကို အမိုက်စားတွေ ဝတ်ထားပါရဲ့ မသပ်မရပ်တာတွေ ခြေသည်းလက်သည်းတွေက ညစ်ပတ်နေတာတွေက တခြားသူရဲ့အမြင်မှာ ကိုယ့်ကိုယ် ဖက်ရှင်ကျတဲ့သူတစ်ယောက်အဖြစ် ဘယ်လိုမှ မြင်မှာမဟုတ်တဲ့အတွက်ဖြစ်ပါတယ်။

ကိုယ်သင်းရနံ့

နောက်ထပ်အရေးကြီးတဲ့တချက်ကတော့ ကိုယ်သင်းရနံ့ပါ။ အမြင်ကတော့ လုံးဝဖက်ရှင်ကျနေပြီ ကိုယ်ဝတ်ထားတဲ့ ပုံစံနဲ့ ကိုယ်က လိုက်ဖက်မှုလည်း ရှိနေပြီ ဒါပေမယ့် ကိုယ့်ဆီကနေ အနံ့အသက် မကောင်းဘူး၊ ချွေးအနံ့တွေ နံ့စော်နေတယ်ဆိုရင်တော့ ဘယ်သူကမှ ဖက်ရှင်ကျလိုက်တာလို့ ပြောချင်ကြမှာ မဟုတ်ပါဘူး။ ဒါကြောင့် ကိုယ်သင်းရနံ့ကလည်း တကယ့်ကို အရေးကြီးပါတယ်နော်။

အဝတ်အစား သပ်သပ်ရပ်ရပ်နဲ့စမတ်ကျကျဝတ်ပြီး ကိုယ်သင်းရနံ့လေးကို ဂရုစိုက်လိုက်ရုံနဲ့ သင်ဟာ တကယ်ပဲ ဖက်ရှင်ကျတဲ့သူတစ်ယောက် ဖြစ်မှာ အသေအချာပါပဲနော်…