ဒီနေ့မှာတော့ MyStyle Myanmar ရဲ့ပျိုမေလေးတွေထဲမှာ မျက်နှာပေါ်မှာ ဝက်ခြံတွေဖြစ်ပေါ်နေတဲ့သူလေးတွေအတွက် အထောက်အကူဖြစ်စေမယ့် အချက်လေးတချို့ကို မျှဝေပေးချင်ပါတယ်။ မျက်နှာပေါ်မှာ ဝက်ခြံတွေအသားကုန်ပေါက်နေတာက တကယ့်ကိုစိတ်ညစ်စရာကောင်းလွန်းတဲ့အချက်ပါပဲ့။ ဝက်ခြံတွေဖြစ်ပေါ်တယ်ဆိုတာက ပြုမူနေထိုင်နေတဲ့ပုံစံတွေ၊ စားသောက်မှုစနစ်တွေကြောင့် ပိုမိုဆိုးရွားလာတာမျိုးတွေလည်းရှိပါတယ်။

ဝက်ခြံတွေပျောက်ဖို့အတွက် ဝက်ခြံပျောက်ဆေးတွေ လျှောက်လိမ်းနေစရာတောင်မလိုပါပဲ့ အခုဖော်ပြမယ့်အချက်တွေကိုလိုက်နာလိုက်မယ်ဆိုရင် သင့်မျက်နှာမှာရှိနေတဲ့ ဝက်ခြံတွေ သိသိသာသာလျော့နည်းသွားစေမှာပါနော်။

စားသောက်မှုပုံစံ

အဆီများတဲ့အစားအစာတွေက ဝက်ခြံဖြစ်စေမှုကို အားပေးနေတာကြောင့် နို့ထွက်ပစ္စည်းတွေနဲ့ပြုလုပ်ထားတဲ့ အစားစာတွေနဲ့ ချောကလက်တွေစားတာကို လျော့ချလိုက်သင့်ပါတယ်။ ရေကိုများများသောက်ပေးပြီး အသားငါးနဲ့ ဟင်းသီးဟင်းရွက်တွေကို သင့်တင့်မျှတအောင် စားပေးမယ်ဆိုရင်တော့ ဝက်ခြံတွေကိုလျော့နည်းလာစေမှာပါ။

ဝက်ခြံတွေကို လက်နဲ့ညှစ်ပစ်ခြင်း

လက်မှာမမြင်ရတဲ့ ဘက်တီးရီးယားတွေများစွာရှိနေတတ်ပါတယ်။ မျက်နှာပေါ်မှာရှိတဲ့ ဝက်ခြံတွေကို လက်နဲ့ကိုင်တွယ်ခြင်း၊ ညှစ်ပစ်တာတွေလုပ်မယ်ဆိုရင် လက်မှာရှိတဲ့ပိုးမွှားတွေက ဝက်ခြံကိုကူးစက်သွားပြီး ဝက်ခြံတွေကို ပိုပြီးပျံ့ပွားလာစေမှာပဲဖြစ်ပါတယ်။

Oil Free ဖြစ်တဲ့ပစ္စည်းမျိုးတွေကိုသုံးပါ

မိတ်ကပ်ပစ္စည်းတွေကို အသုံးပြုမယ်ဆိုရင်လည်း Oil Free ဖြစ်တဲ့ပစ္စည်းမျိုးတွေကိုပဲ ရွေးချယ်ပြီးအသုံးပြုသင့်ပါတယ်။ အဆီပြန်တတ်တဲ့အသားအရေက ဝက်ခြံဖြစ်စေမှုရာခိုင်နှုန်းပိုများတာကြောင့် အဆီပြန်တာကိုထိန်းချုပ်ပေးနိုင်မယ့် ပစ္စည်းမျိုးကိုအသုံးပြုတာကအကောင်းဆုံးပါပဲ။

သန့်ရှင်းရေး

ဝက်ခြံထွက်တတ်တဲ့သူတွေအတွက် သန့်ရှင်းမှုရှိဖို့ကလည်း အရေးကြီးလွန်းတဲ့အချက်ပါပဲ။ အိပ်ခါနီး မျက်နှာမှာရှိနေတဲ့မိတ်ကပ်တွေကို သေချာပြောင်စင်အောင် သန့်စင်ပေးမှ ဝက်ခြံဖြစ်စေမယ့်ဘက်တီးရီးယားတွေကို မပြန့်ပွားစေမှာပေါ့။

တစ်နေ့ကို နှစ်ကြိမ်တော့ပုံမှန် မျက်နှာသစ်ပေးရမယ်နော်။ အိပ်ယာခင်းနဲ့ ခေါင်းအုံးစွပ်တွေကိုလည်း အမြဲသန့်စင်ပေးသင့်ပါတယ်။ မျက်နှာနဲ့ထိတွေ့နေရတဲ့နေရာတွေက သန့်စင်နေမှလည်း ဝက်ခြံတွေကိုလျော့နည်းစေမှာပေါ့။

ဒီအချက်တွေကိုသေချာလိုက်နာပြီး ကျင့်သုံးမယ်ဆိုရင်တော့ ဝက်ခြံတွေ သိသိသာသာလျော့နည်းစေပြီး ဝက်ခြံတွေထပ်ပြီးဖြစ်မလာအောင်လည်း တားဆီးပေးနိုင်မှာပဲ့ဖြစ်ပါတယ်။

Photo Source: The List