အချိန်မပေးနိုင်တာကို အကြောင်းပြပြီး ပုံမှန်လေ့ကျင့်ခန်းလုပ်ဖို့ ရက်ရွေ့နေဆဲပဲလား။ တကယ်တမ်း လူတစ်ယောက်ဟာ တစ်နေ့တာ လေ့ကျင့်ခန်းအတွက် မိနစ် ၃၀ လောက်အချိန်ပေးရုံနဲ့ လုံလောက်ပါတယ်နော်။ ဒါကိုမှ အကြောင်းအမျိုးမျိုးကြောင့် လေ့ကျင့်ခန်းအတွက် စိတ်မပါဘူး၊ အချိန်မပေးဖြစ်ဘူးဆိုတဲ့သူတွေအတွက် လှုပ်လှုပ်ရှားရှားနေဖြစ်အောင် တွန်းအားပေးနိုင်မယ့်အရာတွေကို ဖော်ပြပေးလိုက်ပါတယ်။ ဖော်ပြထားတဲ့အချက်တွေကို လိုက်လုပ်ကြည့်မယ်ဆိုရင် သင့်အနေနဲ့ Gym မသွားဖြစ်ရင်တောင် တစ်နေ့တာ လေ့ကျင့်ခန်းလုပ်လိုက်သလိုဖြစ်စေမှာပါနော်။ ဒီတော့ ဘာတွေလုပ်ရမလဲ သိချင်ရင်ကြည့်လိုက်ရအောင်-

မနက်စောစောထကြည့်ပါ

မနက်ပိုင်းစောစောထတာက ပုံမှန်ထက် အချိန်ပိုရပြီး အလုပ်လည်းပိုပြီးတာကို တော်တော်များများ ခံစားမိမှာပါနော်။ ဒါကြောင့်မို့ မနက်စောစောထတဲ့အကျင့်ရအောင် အရင်ကြိုးစားကြည့်ပါ။ စောစောထပြီး လေ့ကျင့်ခန်းပါ လုပ်လိုက်တဲ့အခါ အိပ်ချင်ပြေပြီး တစ်နေကုန်လန်းဆန်းစေပါလိမ့်မယ်။

တစ်ခုခုစားပြီးတိုင်း လှုပ်ရှားပါ

Photo Source: iStock

အချိန်တစ်ခုပေးပြီး လေ့ကျင့်ခန်းမလုပ်နိုင်ဘူးဆိုရင် အနည်းဆုံးလှုပ်လှုပ်ရှားရှားနေပေးဖို့ အရေးကြီးပါတယ်။ တစ်ခုခုစားပြီးတဲ့အခါ မေ့မေ့လျော့လျော့မနေဘဲ လှုပ်ရှားပေးပါ။ ခေါက်တုံ့ခေါက်ပြန်လမ်းလျှောက်တာ၊ အကြောလျှော့တာတွေ လုပ်ပေးနိုင်ပါတယ်။

နီးနီးနားနား စက်ဘီးစီးပါ

စက်ဘီးစီးတာကလည်း လေ့ကျင့်ခန်းတစ်မျိုးပါပဲနော်။ အနီးအနားသွားတဲ့အခါ ကိုယ်တိုင်စက်ဘီးနင်းပြီးသွားတဲ့ အကျင့်လုပ်ထားပါ။ ကိုယ်တွင်းကယ်လိုရီတွေလောင်ကျွမ်းပြီးသား ဖြစ်စေပါလိမ့်မယ်။

အခြားတစ်ခုနဲ့အတူ လေ့ကျင့်ခန်းကိုပါ တွဲလုပ်ကြည့်ပါ

တစ်ခုခုလုပ်ရင်း လေ့ကျင့်ခန်းပါတွဲလုပ်ပြီးတော့လည်း လှုပ်လှုပ်ရှားရှားနေဖြစ်အောင်ဖန်တီးလို့ရပါတယ်။ ဥပမာ တီဗီကြည့်တဲ့အချိန် ထိုင်မနေဘဲ Workout လေးတွဲလုပ်လိုက်တာ၊ လမ်းလျှောက်ရင်းနဲ့မှ ဖုန်းသုံးတာမျိုး လုပ်ပေးနိုင်ပါတယ်။

အားကစားလိုက်စားတဲ့သူတွေနဲ့ မိတ်ဆွေဖွဲ့ထားပါ

ကိုယ်ဘေးမှာရှိတဲ့သူတွေက ကိုယ့်အပေါ်အနည်းနဲ့အများလွှမ်းမိုးနိုင်တာမို့ သင့်အနေနဲ့လည်း လေ့ကျင့်ခန်းနဲ့ပက်သက်ပြီး စိတ်အားထက်သန်တဲ့ မိတ်ဆွေတွေရှိထားဖို့လိုပါတာ်နော်။ သူတို့လေ့ကျင့်ခန်းလုပ်တာမြင်ရင် ကိုယ်ပါအားကျပြီးလိုက်လုပ်ဖြစ်တာမို့ သင့်အတွက် Motivation တစ်ခုလိုဖြစ်စေမှာပါ။

စောစောအိပ်ရာဝင်ပါ

နောက်ကျမှအိပ်တာက ဝိတ်တက်စေတဲ့ ကိုယ်တွင်းဟော်မုန်းတစ်မျိုးထုတ်ပေးသလို ရေရှည်ကျန်းမာရေးအတွက်လည်း မကောင်းပါဘူး။ နောက်တစ်နေ့မှာ Energy အပြည့်နဲ့ လေ့ကျင့်ခန်းလုပ်နိုင်ဖို့ တစ်နေ့အနည်းဆုံး အိပ်ချိန် ၇ နာရီရအောင် အိပ်ပေးဖို့လိုပါတယ်။

Photo Source: Pinterest

By MyStyle Myanmar