အလှအပနဲ့ပတ်သက်ပြီး မိန်းကလေးအများစုက မလုပ်သင့်မှန်းသိရက်နဲ့ လုပ်လေ့ရှိကြတဲ့ မကောင်းတဲ့ အလေ့အကျင့် ၇ ခု ရှိပါတယ်။ ဒီထဲမှာ သင်ကိုယ်တိုင် လုပ်နေမိတာတွေ ပါနေရင်လည်း ဆင်ခြင်သင့်ပါတယ်။
ဝက်ခြံကိုလက်နဲ့ညှစ်ခြင်း
ဝက်ခြံထွက်လာရင် လက်နဲ့ညှစ်တာ၊ ဖဲ့တာ၊ ကလိတာမျိုး လုံးဝမလုပ်သင့်ပါဘူး။ ဝက်ခြံတွေပိုပွားလာတာမျိုး၊ ပိုးဝင်ပြီး ရောင်လာတာမျိုး၊ အနာဖြစ်ပြီး အမာရွတ်ကျန်တာမျိုး ဖြစ်လာပါလိမ့်မယ်။
နှုတ်ခမ်းခွာတာ
နှုတ်ခမ်းခြောက်ပြီ၊ နည်းနည်းလေး အဖတ်လန်ပြီဆိုတာနဲ့ တော်တော်များများက နှုတ်ခမ်းခွာကြတာပါပဲ။ တချို့ဆို တစ်ချိန်လုံး လက်က နှုတ်ခမ်းဆီပဲရောက်ပြီး ခွာနေတော့တာပါပဲ။ ခွာပြီးသွေးထွက်တာကို ထပ်ခွာတာမျိုးဆိုရင် လက်ကတစ်ဆင့် ပိုးဝင်ပြီး ပိုဆိုးလာပါလိမ့်မယ်။ ဒါကြောင့် နှုတ်ခမ်းခြောက်ရင် မခွာပဲ lip balm ဆိုးပါ။
Makeup Remover မသုံးခြင်း
မိတ်ကပ်လိမ်းသည်ဖြစ်စေ၊ မလိမ်းဘူးဖြစ်စေ ညဘက်ရောက်ရင်တော့ makeup remover နဲ့ဖျက်ပြီးမှ မျက်နှာသစ်ဆေးနဲ့ သစ်ရပါမယ်။ တချို့ကျတော့ မသိလို့၊ တချို့ကျတော့ သိရက်နဲ့ ပျင်းပြီး makeup remover မသုံးတော့ပဲ မျက်နှာသစ်ဆေးနဲ့ တန်းသစ်လိုက်ကြပါတယ်။ ဒါမျိုးတွေကြောင့် မျက်နှာအသားအရေက ညစ်နေတာ၊ ဝက်ခြံနဲ့ အဆီဖုတွေ ထွက်လာတာမျိုး ဖြစ်တတ်ပါတယ်။
မျက်နှာကိုလက်နဲ့ခဏခဏကလိခြင်း
တချို့ဆိုရင် တစ်ခုခုလုပ်နေရင်းနဲ့တောင် မျက်နှာကို လက်နဲ့ကိုင်လိုက်၊ ကုတ်လိုက်၊ ပွတ်လိုက်နဲ့ ကလိနေတတ်ပါတယ်။ လက်မှာကပ်နေတဲ့ မမြင်နိုင်တဲ့ ဘတ်တီးရီးယားတွေ ရှိတဲ့အတွက် ဝက်ခြံထွက်တာမျိုး ဖြစ်တတ်ပါတယ်။
လက်သည်းနီဆိုးရင် Based Coat မသုံးခြင်း
လက်သည်းနီဆိုးရင် based coat မခံပဲ ဆိုးတာက လက်သည်းပိုပျက်စီးစေပါတယ်။ တော်တော်များများက သိရက်နဲ့ အိမ်မှာဆိုးရင် ပြီးစလွယ် base coat မခံပဲ ဆိုးလေ့ရှိကြပါတယ်။
ခဏခဏခေါင်းလျှော်ခြင်း
ခေါင်းလျှော်မယ်ဆိုရင် အများဆုံး ၃ ရက် တစ်ခါပဲလျှော်သင့်ပါတယ်။ ခဏခဏ မလျှော်သင့်ပါဘူး။ ခဏခဏလျှော်ရင် ဆံပင်လည်းကျွတ်ပြီး ကျန်းမာရေးလည်း ထိခိုက်စေပါတယ်။
Dryer ကို လေပူမှုတ်ခြင်း
Dryer သုံးတာက ဆံသားခြောက်သွေ့စေတယ်ဆိုတာကို တော်တော်များများသိပါတယ်။ ဒါပေမယ့်လည်း သုံးကြတာပါပဲ။ သုံးမယ်ဆိုရင်လည်း လေအေးပဲသုံးသင့်ပါတယ်။ Dryer ကို လေပူသုံးရင် ဆံသားခြောက်ပြီး ဖွာတာ၊ ကျွတ်တာ၊ ဆံသားပျက်စီးတာတွေ ဖြစ်လာမှာပါ။