ပျိုမေလေးတို့ရေ အများစုလျစ်လျူရှုမိတတ်ကြတဲ့ ခြေထောက်က ဖနောင့်အသားဟာ အစိုဓာတ်လျော့နည်းလာပြီဆိုရင် ကွဲကြောင်းတွေ ဖြစ်ပေါ်လာ တတ်ပါတယ်။ မျက်နှာကိုတော့ နေ့စဥ်နဲ့အမျှ ဂရုတစိုက် ထိန်းသိမ်းလေ့ရှိပေမယ့်လည်း ခန္ဓာကိုယ်ရဲ့တခြားအစိတ်အပိုင်းတွေကိုတော့ မေ့လျော့ နေထားတတ်ပါတယ်။ အထူးသဖြင့် ခြေထောက်ပါ။ အချိန်ကြာလာတာနဲ့အမျှ ခြေဖနောင့်က အက်ကွဲရာတွေဟာ နာကျင်မှုကို ဖြစ်ပေါ်စေရုံသာမက အန္တရာယ်များတဲ့ဘက်တီးရီးယားတွေ ကိုယ်ထဲဝင်ရောက်ဖို့အတွက်လည်း လွယ်ကူစေပါတယ်။

ဒါကြောင့် သတိတချက်လွတ်သွားလို့ ကိုယ့်တစ်ဘဝလုံးအတွက် နောင်တရမိတာမျိုး မဖြစ်စေဖို့အတွက် အခုအချိန်မှီတုန်းကတည်းက ဘယ်လိုနည်းလမ်းတွေနဲ့ ကာကွယ်ထိန်းသိမ်းမလဲဆိုတာကို အခုပဲကြည့်လိုက်ရအောင်ပါ။

၁။ တရုတ်နံနံ

ဗီတာမင်စီ၊ Collagen နဲ့ ဗီတာမင်ကေတို့ပေါင်းစပ်ပါဝင်တဲ့ တရုတ်နံနံ ၁၀ ပင် ၁၂ ပင်လောက်ကို နုပ်နုပ်စဥ်းပြီး ရေနွေးနွေးလေးထည့်ထားတဲ့ ဇလုံထဲကို ထည့်လိုက်ပါ။ ပြီးရင် ထိုအထဲမှာ နာရီဝက်နီးပါး နေ့စဥ် ခြေထောက်စိမ်ပေးပါက အသားအရေခြောက်သွေ့ခြင်းကို သက်သာစေကာ ပြန်လည်တင်းတင်းရင်းရင်းလေးဖြစ်လာစေပါလိမ့်မယ်။

၂။ လီမွန်

ခြောက်သွေ့အက်ကွဲတဲ့ ခြေဖနောင့်တွေအတွက်တော့ Antiseptic, Anti-inflammatory အစွမ်းသတ္တိတွေနဲ့ ဗီတာမင်စီတို့ပေါင်းစပ်နေတဲ့ လီမွန်က အထိရောက်ဆုံးနည်းလမ်းတွေထဲက တစ်ခုပါပဲ။ လီမွန်တစ်လုံးကို အလယ်ကထက်ခြမ်းခြမ်းလိုက်ပြီး Juicer ကိုအသုံးပြုကာ ရှိသမျှအရည်တွေ အကုန်ညှစ်ထုတ်လိုက်ပါ။ အထဲကအဖတ်တွေ အကုန်နီးပါး မရှိတော့ဘူးဆိုရင်တော့ လီမွန်ခွံကို ဖနောင့်မှာအုပ်လိုက်ကာ ခြေအိတ်စွပ်လိုက်ပါ။ ထိုအတိုင်း နာရီဝက်ထားပေးပြီး အချိန်ပြည့်တဲ့နောက် ဖယ်ပြီးတာနဲ့ Coconut Oil ကို ဖနောင့်မှာ လိမ်းပေးပါ။

၃။ ပန်းသီးရှာလကာရည်

ပန်းသီးရှာလကာရည်က ပိုးမွှားလေးတွေကိုသေစေပြီး အသားအရေကိုနူးညံ့စေကာ ခြေထောက်အနံ့ဆိုးတွေကို ဖယ်ရှားပေးပါတယ်။ ပန်းသီးရှာလကာရည် တစ်ဇွန်းကို ရေနွေးတစ်ဇလုံနဲ့ရောစပ်ပြီး မိနစ် ၂၀ ခြေထောက်စိမ်ပေးပါ။ အချိန်ပြည့်လို့ ခြေထောက်ဖယ်လိုက်ပြီဆိုတာနဲ့ ရေမြှုပ်ကျောက်နဲ့ ညှင်ညှင်သာသာလေး ဖနောင့်ကိုပွတ်ပေးပါ။

၄။ နာနတ်သီး

နာနတ်သီးကို အလုံးလိုက်ဝယ်လာပြီး အတွင်းသားတွေကို စားပြီးတိုင်း အခွံကိုမလွှင့်ပစ်လိုက်ပါနဲ့။ အန်ဇိုင်းပါဝင်တာကြောင့် ခြေထောက်က အသားမာတွေကို ကြေပျက်စေပါတယ်။ နာနတ်သီးအခွံကို ခြေဖနောင့်မှာကပ်လိုက်ပြီး ခြေအိတ်စွပ်လိုက်ပါ။ ၁၀ မိနစ် ၁၅ မိနစ်လောက် ခဏစောင့်ပြီးတာနဲ့ အကုန်လုံးခွာလိုက်ပါ။ ဒီနည်းလမ်းလေးကိုတော့ တစ်ပတ်လျှင် တစ်ကြိမ်ခန့် ပြုလုပ်ပေးနိုင်ပါတယ်။