Hair Style ကောင်းဖို့အတွက် နာမည်ကြီး ဆံသပညာရှင်ဆီမှာ ငွေကုန်ကြေးကျခံပြီး ညှပ်ချင်ညှပ်ပါလိမ့်မယ်။ ဆံပင်ကျန်းမာရေးကို အလေးထားဖို့ တော့ အမျိုးသားအများစုဟာ ပျင်းတတ်ကြပါတယ်။ ဆံပင်ကို ကောင်းကောင်းဂရုစိုက်မှသာ ဆံပင်ပုံစံလည်း ရေရှည်ကောင်းမွန်မှာ ဖြစ်ပါတယ်။ ဒါ့ကြောင့် Hair-Care နဲ့ ပတ်သက်ပြီး အမျိုးသားတွေ လိုက်နာသင့်တဲ့ အချက်တစ်ချို့ အကြံပြုချင်ပါတယ်။

(၁) ခဏခဏ ခေါင်းမလျှော်နဲ့

ဆံပင်နဲ့ ပတ်သက်ပြီး အများဆုံး လုပ်တတ်တဲ့ အမှားတစ်ခုက ခေါင်းကို နေ့တိုင်း လျှော်နေမိတာပါပဲ။ ပထမဆုံးအနေနဲ့ တစ်ပတ်ကို နှစ်ကြိမ်ပဲ ခေါင်းလျှော်မယ်လို့ သတ်မှတ်ထားဖို့ အကြံပေးချင်ပါတယ်။ ဒုတိယအချက်အနေနဲ့ ခေါင်းလျှော်ပြီးရင် ဆံပင်ပျော့ဆေး Conditioner သုံးဖို့ပါပဲ။ ဒါဆိုရင် ဆံသားထဲက သဘာဝအဆီတွေ ပျက်စီးမှာ မဟုတ်သလို ဆံပင်ကျန်းမာရေးလည်း အားပေးရာရောက်ပါတယ်။

(၂) ဆံပင်ရေသုတ်မှု သတိပြုပါ

ရေချိုးပြီးခါစ ဆံပင်တွေကို ရေပြောင်စင်အောင် အခြောက်ခံမယ်ဆိုရင် ညင်သာမှု ရှိဖို့က အရေးကြီးပါတယ်။ ဆံပင်ရေစိုနေချိန်မှာ မျက်နှာသုတ်ပုဝါနဲ့ ခပ်ကြမ်းကြမ်း ပွတ်တတ်တဲ့ အကျင့်ကြောင့် ဆံပင် ကျွတ်တာနဲ့ ပျက်စီးတာမျိုး ဖြစ်နိုင်ပါတယ်။ တဘက်ကိုလည်း နူးညံ့တဲ့ Towel အမျိုးအစား သုံးပြီး ညင်ညင်သာသာလေးပဲ ရေသုတ်ဖို့ လိုပါတယ်။

(၃) ကလိုရင်းနဲ့ ဆံပင်မထိအောင် နေပါ

ရေကူးကန်အများစုဟာ ကလိုရင်းခပ်ထားလေ့ ရှိပါတယ်။ ကလိုရင်းဟာ ဆံသားတွေ ခြောက်သွေ့ကြမ်းတမ်းစေပါတယ်။ ဒါ့ကြောင့် ကလိုရင်းခပ်ထားတဲ့ ရေကန်ထဲ ရေမကူးခင်မှာ ခေါင်းကို ရေသန့်သန့်နဲ့ ဆွတ်ပြီးမှ Conditioner အပျော့စား သုတ်ထားသင့်ပါတယ်။ ဆံပင်အရမ်းရှည်နေရင်တော့ ခေါင်းမှာ Cap ဆောင်းပြီးမှ ဆင်းတာ ကောင်းပါတယ်။

(၄) Hair Product အသုံးလျှော့ပါ

ခေါင်းလိမ်းဆီတွေသုံးမယ်ဆိုရင် သတိထားပါ။ Hair Wax တွေ ၊ Hair Gel ၊ Hair Spray နဲ့ သဘာဝထုတ်ကုန်မဟုတ်တဲ့ ပစ္စည်းတွေက ဆံပင်ကို ဝန်ဖြစ်စေပြီး ပျက်စီးအောင် အားပေးရာ ရောက်နိုင်ပါတယ်။

(၅) နေရောင် အထိနည်းပါစေ

နေပူထဲ ဦးထုပ် နဲ့ ထီးလိုမျိုး ဆောင်းစရာမပါဘဲ သွားခြင်းက သင့်ဆံပင်ကို သင်ဖျက်ဆီးနေတာပဲ ဖြစ်ပါတယ်။ နေရောင်နဲ့ အထိများတဲ့ ဆံပင်ဟာ ဆံသားခြောက်ပြီး နီကြောင်ကြောင် ၊ ဖွာလဆန်ကြဲ ဖြစ်သွားနိုင်ပါတယ်။ ဆံပင်နဲ့ ပတ်သက်ပြီး နောက်ထပ် မှတ်သားစရာအချက်တစ်ချက်က ဆံပင်ကို ခဏခဏ မညှပ်ဖို့ပါပဲ။ အကောင်းဆုံးက ဆံပင်တစ်ခါညှပ်ပြီး ၄ ပတ်ကနေ ၆ ပတ်ကြာမှ တစ်ခါထပ်ညှပ်သင့်ပါတယ်။

Photo : Shutterstock