တစ်ခါတစ်လေ ချစ်သူရည်းစားကြားမှာ လမ်းခွဲရပ်စဲလိုက်ရတဲ့အကြောင်းရင်းကလည်း သစ္စာဖောက်ခြင်းကြောင့် မဟုတ်ပဲ့ တခြားအရာတွေကြောင့် ဖြစ်နေတတ်ပါတယ်။ အဲ့ဒီအကြောင်းအရင်းကလည်း ဒီအတိုင်းကြည့်လိုက်ရင် ဘာမဟုတ်တဲ့ အသေးအမွှားလေးလို့ ထင်တတ်ကြပါတယ်။ ဒါပေမဲ့ သင့်ရဲ့ RSကို တိတ်တဆိတ်လေး ဖြတ်တောက်နိုင်စွမ်းရှိပါတယ်နော်။

ဒါကြောင့် သစ္စာဖောက်တာမျိုးမဟုတ်ပဲနဲ့လည်း ချစ်ရက်နဲ့ အဆုံးသတ်သွားစေနိုင်တဲ့ Relationship ပြဿနာတွေက ဘယ်လိုမျိုးအကြောင်းအရာတွေဖြစ်မလဲဆိုတာ အတူတူကြည့်လိုက်ရအောင်…

ခဏခဏပြဿနာရှာမိခြင်း

အရာရာကိုလိုက်ပြောပြီး ခဏခဏ ပြဿနာရှာနေမယ်ဆိုရင် ကြာလာတဲ့အခါမှာ ကြည်နူးရတဲ့အချိန်ထက် ပြဿနာတွေဖြေရှင်းနေရတာ၊ ရန်ဖြစ်စကားများနေရတာတွေနဲ့ပဲ အချိန်ကုန်ပြီး ငြီးငွေ့စရာကောင်းတဲ့ Relationship တစ်ခု ဖြစ်လာပါလိမ့်မယ်။ နှစ်ယောက်လုံး ကိုယ့်အတွေးနဲ့ကိုယ် ထင်ချင်ရာတွေထင်ပြီး ပြောဆိုကြရင်းနဲ့ မခံနိုင်တဲ့အဆုံးမှာ လမ်းခွဲစကားပြောထွက်လာတတ်ကြပါတယ်။

ချုပ်ချယ်လွန်ခြင်း

Relationship တစ်ခုမှာ ခဏခဏ ရန်ဖြစ်စကားများကြခြင်းရဲ့ အဓိကအကြောင်းအရင်းကတော့ ချုပ်ချယ်လွန်းလို့ပါပဲ။ ကိုယ်ဘယ်လောက်ပဲချုပ်ချယ်နေပါစေ သူလုပ်ချင်မှဖြစ်တာပါ။ ကိုယ်ချုပ်ချယ်တဲ့အတိုင်း၊ ပြောတဲ့အတိုင်းတွေဖြစ်မလာရင် ကိုယ်ပဲစိတ်ပင်ပန်းရပါတယ်။ တစ်ဖက်လူဘက်ကလည်း မွန်းကြပ်တယ်၊ အရာရာကိုချုပ်ချယ်လွန်းတယ်ဆိုပြီး ပြဿနာတွေ ဖြစ်ကြပြန်ပါတယ်။ ဒီလိုနဲ့ပဲ ရန်ဖြစ်ရင်း ပြတ်သွားကြတဲ့အတွဲတွေ အများကြီးပါ။

ခဏခဏလိမ်ညာပြောဆိုခြင်း

လိမ်ညာတာက အစပိုင်းမှာတော့ စိတ်ဆိုးစိတ်ကောက်လိုက်၊ ရန်ဖြစ်လိုက်၊ ပြန်ချော့ရင် အဆင်ပြေလိုက်နဲ့ ဖြစ်နေမှာပါ။ ဒါပေမယ့် အမြဲတမ်း ခဏခဏ လိမ်ညာနေတာ၊ မလုပ်တော့ဘူးလို့ ကတိတွေပေးပြီး ခဏခဏလုပ်နေတာတွေ၊ မကြိုက်တာတွေကိုပဲ အမြဲလုပ်နေတာတွေဟာ ကြာလာရင် တစ်ဖက်လူက စိတ်ကုန်သွားနိုင်ပါတယ်။ ဘယ်လောက်ပဲချစ်နေပါစေ ရေရှည်မမြဲနိုင်ပါဘူး။

ကိုယ်ချင်းစာစိတ်မရှိခြင်း

ကိုယ်ပြောလိုက်တဲ့အရာက တစ်ဖက်လူ ဘယ်လိုဖြစ်သွားမလဲဆိုပြီး မစဉ်းစားပေးတာတွေ၊ တစ်ဖက်လူရဲ့ခံစားချက်တွေကို ထည့်မစဉ်းစားပေးတာတွေ၊ ကိုယ့်ချစ်သူ စိတ်ညစ်နေတဲ့အချိန်မှာတောင် အားမပေးနိုင်ပဲ ပြဿနာရှာပြီး ကိုယ်ဖြစ်ချင်တာပဲသိတာမျိုးတွေက ကိုယ်ချင်းစာစိတ်မရှိတာပါပဲ။ ဒီလိုပုံစံနဲ့ Relationship တစ်ခုက မပျော်ရွှင်နိုင်တဲ့အတွက် အဆုံးသတ်ဟာ ပြတ်စဲခြင်းပါပဲ့။