လူတ‌စ်ယောက်နဲ့ တစ်ယောက် ဒိတ်လုပ်တယ်ဆိုတာဟာ ရိုးရှင်းပေမယ့် တစ်ယောက်နဲ့တစ်ယောက် သဘောကျနှစ်သက်လို့ ရေရှည်ဆက်ဆံရေးတစ်ခု တည်ဆောက်တော့မယ်ဆိုရင်တော့ စိန်ခေါ်မှုတွေ ရှိလာပါပြီ။ Relationship အများစုမှာ ပြုပြင်ပြောင်းလဲရမှာတွေ ရှိတယ်ဆိုပေမယ့် ဒါကကောင်းတဲ့ လက္ခဏာ ဖြစ်ပါတယ်။

အမှားတွေကို ပြုပြင်ရင်းနဲ့မှ ပိုကောင်းတဲ့ ဆက်ဆံရေးကို ရရှိလာနိုင်မှာပါ။ တကယ်လို့ သင့်ရဲ့အချစ်ရေးမှာလည်း ဒီလို ပြဿနာလေးတွေ ရှိတယ်ဆိုရင် ဒါက ချစ်သူစုံတွဲတွေကြားက အဖြစ်များတဲ့ ပြဿနာ တွေလား ပြုပြင်ရမှာတွေရှိနေလား ဆိုတာသိရအောင် ဒီဆောင်းပါးလေးမှာ လေ့လာကြည့်ရအောင်ပါ။

(၁) ငြင်းခုံတဲ့အခါ အနိုင်ရချင်တာ

ငြင်းခုံတဲ့အခါ အနိုင်ရယူလိုတာက ချစ်သူနှစ်ဦးရဲ့ ဆက်ဆံရေးတွေမှာ နာကြည်းတာ ဒါမှမဟုတ် အဆိပ်အတောက်တွေ ဖြစ်စေနိုင်ပါတယ်။ အရေးကြီးဆုံးကတော့ ကျန်းမာပျော်ရွှင်တဲ့ ဆက်ဆံရေးတစ်ခုကို ရရှိဖို့အတွက် ရလဒ်ကောင်းတော့ မဟုတ်ပါဘူး။

တဖက်သူကို အနိုင်ယူလိုက်တာက မှားတယ်လို့ ခံစားစေရတာကလွဲလို့ တခြားကောင်းကျိုးမရှိပါဘူး။ ငြင်းခုံနေမယ့်အစား ကိုယ့်လက်တွဲဖော်ရဲ့အမြင်ကို ပိုမိုနားလည်ဖို့ မေးခွန်းတွေမေးတာမျိုးတွေ လုပ်သင့်ပါတယ်။ ကိုယ်ဘာပဲပြောပြော ကြင်ကြင်နာနာနဲ့ လေးစားစွာပြောဖို့လဲ အရေးကြီးပါတယ်။

(၂) ဘယ်လို Relationship လိုချင်တယ်ဆိုတာ မသိတာ

လူတွေရဲ့ ပထမဆုံး ချစ်သူရည်စား ဆက်ဆံရေးတွေက အများအားဖြင့် စမ်းသပ်မှုတစ်ခုနဲ့ ပိုတူပါတယ်။ တော်တော်များများက ဒီချစ်သူရည်းစားဆက်ဆံရေးကနေ ဘာလိုချင်တာလဲ ဘာလိုအပ်တာလဲဆိုတာ ကိုယ့်ကိုယ်ကို မသိကြသေးတဲ့အတွက် ပထမဆုံးချစ်သူထားတာက တခြားဆက်ဆံရေးတွေ အားလုံးအတွက် အခြေခံအချက် ဖြစ်လာတာပါ။

ဒါ့ကြောင့် တစ်ယောက်နဲ့တစ်ယောက် ညှိနှိုင်းဖို့ လိုအပ်လာရင် တစ်ယောက်နဲ့ တစ်ယောက် အတူတူထိုင်ပြီး ဆွေးနွေးဖို့ မကြောက်သင့်ပါဘူး။ ကိုယ်ဘာဖြစ်ချင်တယ်ဆိုတာ သိလာတဲ့အခါ ကိုယ်ရဲ့ အချစ်ရေးက ပိုကောင်းလာတာကို တွေ့ရပါလိမ့်မယ်။

(၃) ဆိုရှယ်မီဒီယာကို လိုက်စစ်ဆေးတာ

တကယ်လို့ သင်က ကိုယ့်ချစ်သူရဲ့ ရည်းစားဟောင်းပုံတွေကို Facebook မှာ အမြဲတမ်းလိုက်ကြည့်တာ၊ အကောင့်တွေ လိုက်စစ်နေတာတွေလုပ်နေတယ်ဆိုရင်တော့ ဒါက နှစ်ယောက်စလုံးအတွက် သိပ်မကောင်းလှပါဘူး။ ချစ်သူရည်းစားတွေအနေနဲ့ ကိုယ့်ကိုယ်ကို တဖက်လူနဲ့ ရေရှည် အဆင်ပြေနိုင်ပါ့မလားဆိုပြီး ခံစားလာရတဲ့အခါ ဒါမျိုးတွေ လုပ်လေ့ရှိပါတယ်။

တကယ်လို့ ကိုယ့်ချစ်သူရဲ့ Ex က ပြန်ဆက်သွယ်လာတယ်ဆိုရင်တောင် သင့်အနေနဲ့ ချက်ချင်းပေါက်ကွဲတာမျိုးမလုပ်ဘဲ သေချာအောင်အရင် မေးမြန်းသင့်ပါတယ်။ ဒါမှ တတိယလူဆိုတဲ့ ပြဿနာမျိုးတွေ ပေါ်မလာနိုင်မှာပါ။

(၄) ခံစားချက်တွေနဲ့ပတ်သတ်ပြီး ရိုးသားပွင့်လင်းမှုမရှိတာ

ဘဝမှာ ငြင်းပယ်ခံရမှာကြောက်လို့ ခံစားချက်တွေကို ဝန်ခံဖို့ ဘယ်နှစ်ခါငြင်းခဲ့ဖူးပါသလဲ။ ဒါမှမဟုတ် တစ်ယောက်ယောက်ရဲ့ ခံစားချက်ကို မထိခိုက်စေချင်လို့ ကိုယ့်ခံစားချက်တွေကို မရိုးသားခဲ့တဲ့ အချိန်တွေရောရှိခဲ့ဖူးပါသလား။ တကယ်တော့ လူအများစုမှာ အချစ်နဲ့ ပတ်သတ်လာရင် ပွင့်လင်းမှုမရှိတဲ့အချိန်တွေ ရှိကြပါတယ်။

ချစ်နေတဲ့အချိန် အဆင်ပြေပေမယ့် တစ်ယောက်နဲ့တစ်ယောက် ပွင့်လင်းမှုမရှိတဲ့အခါ ရေရှည်မှာ ပျော်ရွှင်တဲ့ ဆက်ဆံရေးကို ရဖို့ခက်ခဲလာနိုင်ပါတယ်။ ဒါ့ကြောင့် ချစ်သူနှစ်ယောက်ကြားမှာ ကိုယ့်ဘက်က တစ်ခုခုအဆင်မပြေတာပဲ ဖြစ်ဖြစ်ရှိလာရင် ပွင့်ပွင့်လင်းလင်းထုတ်ပြောဖို့လဲ အရေးကြီးပါတယ်။