အမြဲတမ်းတွေ့နေရတဲ့သူတွေ၊ အနေနီးနေတဲ့သူတွေမှာတောင် ပြဿနာတွေခဏခဏဖြစ်တတ်ကြတာ၊ LDRS တွေကြားမှာဆိုရင်တော့ ပိုဆိုးပါတယ်။ အနေဝေးနေတဲ့အတွက် ပြဿနာကို မျက်နှာချင်းဆိုင်တွေ့ပြီး ဖြေရှင်းလို့လည်းမရ၊ အပြင်မှာတွေ့ပြီး သေချာပြောပြလို့လည်းမရတဲ့အတွက် အခက်တွေ့စေပါတယ်။ လုပ်လို့ရတာကတော့ အများဆုံးဖြစ်လေ့ရှိတဲ့ ပြဿနာတွေကို မဖြစ်အောင်ဆင်ခြင်ဖို့ပဲ ရှိပါတယ်။ ဒါကြောင့် LDRS တွေကြားမှာ အများဆုံးဖြစ်လေ့ရှိတဲ့ ပြဿနာတွေကို ပြောပြပေးလိုက်ပါတယ်။

အဆက်အသွယ်ပြတ်ခြင်း

LDRS တွေကြားမှာ အဆက်အသွယ်ပြတ်သွားရင် သွေးအေးပြီး တစ်ယောက်နဲ့တစ်ယောက် ဆက်ဆံရေးက အေးတိအေးစက်ဖြစ်လာပြီး မပျော်ရွှင်တော့တာ၊ မခင်တွယ်တော့တာတွေ ဖြစ်လာနိုင်ပါတယ်။ ဒီလိုနဲ့ နောက်ဆုံး ဝေးသွားကြတာမျိုးတွေလည်း အများကြီးပါ။ ဒါကြောင့် အဆက်အသွယ်လုံးဝမပြတ်ပါစေနဲ့။ တစ်ယောက်နဲ့တစ်ယောက် အမြဲတမ်း၊ အချိန်တိုင်း စာပို့တာနေပါ။ အားရင်အားသလို စကားပြောပါ။ နေ့တိုင်း ဖုန်းပြောပါ။ video call ပြောပါ။

သဝန်တိုစိတ်မချဖြစ်ခြင်း

အနေနီးနေတဲ့သူတွေမှာတောင် သဝန်တိုတာ၊ စိတ်မချတာတွေ အရမ်းဖြစ်တာ၊ အနေဝေးနေရတဲ့ LDRS တွေဆို ပိုဆိုးတာပေါ့။ ကိုယ့်မျက်စိရှေ့မှာလည်းမဟုတ်တဲ့အတွက် တစ်ခုခုဆို သဝန်တိုတာ၊ စိတ်မချဖြစ်လာတွေ အရမ်းဖြစ်လာပြီး ချုပ်ချယ်တာမျိုးတွေ ရှိလာတတ်ပါတယ်။ တချို့ကျတော့လည်း ဒီလိုချုပ်ချယ်တာတွေကို မခံနိုင်လို့ ပြတ်သွားကြတာမျိုး ရှိပါတယ်။ ဒါကြောင့် ဖြစ်နိုင်ရင်တော့ ကိုယ့်ရည်းစား မကြိုက်တာတွေကိုမလုပ်ပဲ အရာရာကို ဆင်ခြင်ပြီးနေပေးရင် အဆင်ပြေမှာပါ။

အထီးကျန်ခြင်း

LDRS တော်တော်များများမှာ အများဆုံးဖြစ်တဲ့ပြဿနာက အထီးကျန်တာပါပဲ။ တစ်ယောက်က အလုပ်များနေချိန်၊ တစ်ယောက်ကအားနေရင် အားနေတဲ့သူက အထီးကျန်တာကို ပိုခံစားရလေ့ရှိပါတယ်။ အတွေးတွေများပြီး အားငယ်တာတွေ၊ သူများအတွဲတွေမြင်ရင် အားကျတာမျိုးတွေဖြစ်လာပြီး အထီးကျန်သလို ခံစားလာရပါတယ်။ အထီးကျန်တယ်ဆိုပြီး သာယာမှုနောက်လိုက်ရင်တော့ Relationship တစ်ခုက ခဏလေးနဲ့ ပျက်စီးသွားပါလိမ့်မယ်။ ဒါကြောင့် အချိန်ရရင်ရသလို တစ်ယောက်နဲ့တစ်ယောက် ပိုချစ်ပြီး ပိုဂရုစိုက်ကြပါ။

ယုံကြည်မှုပြဿနာ

LDRS အတွက်တော့ ယုံကြည်မှုပြဿနာကလည်း ခဏခဏဖြစ်တာပါပဲ။ မတွေ့ရမမြင်ရတော့ တစ်ခုခုဆို သံသယစိတ်တွေ ဖြစ်လာတာများပါတယ်။ တစ်ခုလောက်လေးမှားလိုက်တာနဲ့ မယုံကြည်မှုက ကြီးသွားတာပါပဲ။ ဒါကြောင့် တစ်ယောက်နဲ့တစ်ယောက် ယုံကြည်မှုအပြည့်အဝရအောင် သစ္စာရှိပါ။ တစ်ယောက်နဲ့တစ်ယောက် ပွင့်လင်းပါ။ မလိမ်ပါနဲ့။ ဘာလုပ်လုပ် အမှန်တိုင်းပြောပြထားပါ။ အသိပေးပြီးမှလုပ်ပါ။ ဒါဆိုရင်တော့ ယုံကြည်မှုပြဿနာက လျော့နည်းလာပြီး အဆင်ပြေပါလိမ့်မယ်။

photo source:www.freepik.com