သင့်ရဲ့တစ်နေ့တာကို ကောင်းတဲ့နေ့၊ ဆိုးတဲ့နေ့ဆိုသည်ကို မနက်ပိုင်းအချိန်က အဆုံးအဖြတ်ပေးနိုင်ပါတယ်။ ထို့ကြောင့် ပျော်ရွှင်ကျန်းမာသည့်လမ်းကြောင်းကိုသာ လျှောက်လှမ်းလိုသူများအတွက် နေ့စဉ်ရွှင်လန်းတက်ကြွမှုရှိစေရန် ကူညီပေးမည့် အလေ့အကျင့် (၅) ချက်ကိုဝေမျှပေးလိုက်ရပါတယ်။ ထိုအလေ့အကျင့်များကိုသာ မှန်မှန်လုပ်ဆောင်သွားပါက သင့်ကိုအမြဲတမ်း ကျန်းမာကြံ့ခိုင်မှုရှိစေမှာဖြစ်ပါတယ်။

၁။ အိပ်ရာစောစောထပါ။

အချိန်မှန်အိပ်၊ အချိန်မှန်ထခြင်းက မနက်ပိုင်းအချိန်တွင် သင့်အား စိတ်ငြိမ်မှုရရှိစေသလို သင့်ခန္ဓာကိုယ်မှာလည်း ယခင်ထက်ပို၍ လှုပ်ရှားတက်ကြွမှုရှိလာနိုင်မှာဖြစ်ပါတယ်။

၂။ လေ့ကျင့်ခန်းလုပ်ပါ။

ကိုယ်အလေးချိန်လျော့ကျလိုသူများသည် မနက်ပိုင်းလေ့ကျင့်ခန်းအနေဖြင့် ယောဂ သို့မဟုတ် အခြားလေ့ကျင့်ခန်းများကို လုပ်ဆောင်ပေးနိုင်သော်လည်း ပုံမှန်လုပ်နေကျမဟုတ်သူများအတွက်တော့ အလေ့အကျင့်မရှိပါက တဇွတ်ထိုးမလုပ်မိရန် အကြံပေးချင်ပါတယ်။ အကြောဆန့်လေ့ကျင့်ခန်းကို စတင်လုပ်ဆောင်ပေး၍ တဖြည်းဖြည်းချင်းတိုး၍ လုပ်ဆောင်သွားနိုင်ပါတယ်။

၃။ သံပရာရည်သောက်ပါ။

မနက်ပိုင်းအချိန်တွင် သံပရာရည်ကိုသောက်ပေးခြင်းက မကြာမှီစားသုံးတော့မည့်အစာများ ချေဖျက်မှုကို ကူညီပေးနိုင်မှာဖြစ်သလို ရေသောက်သည့်အခါမှာလည်း ပို၍အရသာရှိစေမှာဖြစ်ပါတယ်။

၄။ လျှာကိုသန့်ရှင်းရေးလုပ်ပေးပါ။

မနက်တိုင်း လျှာကိုသန့်ရှင်းရေးလုပ်ခြင်းသည် မနက်အိပ်ရာထချိန်အာခံတွင်းနံ့ဆိုးမှုကို ဖယ်ရှားရန်ကူညီပေးသည့်အတွက် အလေ့အကျင့်ရရန် အတန်ကြာသော်လည်း အချိန်ကြာလာသည့်အခါမှာတော့ ကျင့်သားရသွားနိုင်ပါတယ်။

၅။ တရားအားထုတ်ပါ။

တရားအားထုတ်သည့်အခါမှာ မှန်ကန်သင့်တော်သည့်အချိန်ကို ရွေးချယ်ဖို့ကလည်း အင်မတန်မှအရေးကြီးပါတယ်။ မနက်ပိုင်းအချိန်တွင် မိနစ်ပိုင်းအနည်းငယ်မျှ ငြိမ်သက်စွာ တရားထိုင်လိုက်ခြင်းက တနေ့တာလုံး စိတ်ကြည်လင်လန်းဆန်းမှုရှိနေစေမှာဖြစ်ပါတယ်။