မနက်အိပ်ရာကနိုးနိုးချင်း သင်လုပ်မိတတ်တဲ့အရာတွေ ၊ မနက်ခင်းအချိန်တွေကို ကုန်ဆုံးဖို့ လုပ်မိတဲ့အရာတွေက သင့်တစ်နေ့တာလုံးကို သက်ရောက်မှုရှိတယ်ဆိုရင် ယုံမလား ? မနက်အိပ်ရာနိုးနိုးချင်း ဖုန်းပြောတာမျိုး ၊ Social Media သုံးတာမျိုး လုပ်မယ့်အစား အခုပြောပြမယ့်အရာလေးတွေ လုပ်ကြည့်ပါ။ သင့်အတွက် အကျိုးရှိမှာ သေချာပါတယ်။

အိပ်ရာကထလာတဲ့အခါ လေကောင်းလေသန့်ရဖို့အတွက် ပြတင်းပေါက်တွေအားလုံးကို ဖွင့်လိုက်ပါ။ နိုးတာနဲ့ ဘုရားဝတ်ပြုတာ ၊ အိမ်ရှင်းတာ စသဖြင့် တခုခုကို အလေ့အကျင့်ဖြစ်အောင် လုပ်ပါ။ မနက်တိုင်း လုပ်နေကျ အလေ့အကျင့်အတိုင်း လုပ်ပေးရင် စိတ်ထဲသက်တောင့်သက်သာရှိစေပြီး တစ်နေ့တာလုံး ကြည်လင်တဲ့ စွမ်းအင်တွေနဲ့ ပြည့်နေမှာပါ။

အောင်မြင်သူတော်တော်များများက သူတို့ရဲ့ မနက်ခင်းမှာ ပုံမှန် တရားထိုင်လေ့ ရှိပါတယ်။ ဒီအလေ့အကျင့်က စိုးရိမ်ပူပန်မှုနဲ့ စိတ်ဖိစီးမှုတွေကို ထိန်းချုပ်နိုင်တဲ့အပြင် မိမိကိုယ်ကို သတိနဲ့ အာရုံစူးစိုက်နိုင်စွမ်းကိုလည်း မြှင့်တင်ပေးနိုင်ပါတယ်။

လေ့ကျင့်ခန်းလုပ်ရတာကြိုက်တဲ့သူဆိုရင် မနက်ပိုင်းမှာ လေ့ကျင့်ခန်းလုပ်ကြည့်ပါ။ လေ့ကျင့်ခန်းလုပ်တာက စိတ်ပိုင်းဆိုင်ရာကြည်လင်စေပြီး အာရုံစူးစိုက်မှုကို မြှင့်တင်ပေးပါတယ်။

မအိပ်ခင် စာဖတ်တာက စိတ်ကို တည်ငြိမ်စေပြီး အိပ်ရေးဝဝ အိပ်ဖို့ ကူညီပေးနိုင်သလို မနက်ခင်းမှာ ၆ မိနစ်လောက် စာဖက်တာကလည်း စိတ်ဖိစီးမှုကို 68 ရာခိုင်နှုန်းအထိ လျှော့ချပေးနိုင်ပါတယ်။ ဒါကြောင့် မနက်ပိုင်းမှာ အချိန်နည်းနည်းပေးပြီး စာဖတ်တဲ့အကျင့်ကိုလုပ်ပါ။

ရေဓာတ်က ကျန်းမာရေးအတွက် အရေးကြီးတဲ့ ကဏ္ဍတစ်ခုဖြစ်တာမလို့ ရေသောက်တာက အသေးအဖွဲလို့ထင်ရပေမယ့် မနက်ခင်းပိုင်းမှာ ရိုးရိုးရေတစ်ခွက်သောက်တာက ကျန်းမာရေးအတွက် ကြီးမားတဲ့ခြားနားမှုကို ရစေနိုင်ပါတယ်။ ခန္ဓာကိုယ်က တစ်ညလုံး ရေဓာတ်ခန်းခြောက်နိုင်တာကြောင့် မနက်ပိုင်း ရေသောက်ပေးရင် ရေဓာတ်ပြန်ရဖို့ကူညီပေးသလို နေ့ခင်းဘက် စိတ်ပိုင်းဆိုင်ရာ စွမ်းဆောင်ရည်ကိုလည်း မြှင့်တင်ပေးပါတယ်။

အောင်မြင်တဲ့ လူတော်တော်များများဟာ မနက်စာကို မဖြစ်မနေ စားတတ်ကြပါတယ်။ မှန်ကန်တဲ့ မနက်စာက သင့်ကို တစ်နေ့တာလုံး ခွန်အားဖြစ်စေတာမလို့ တစ်နေ့တာကို အာဟာရပြည့်ဝတဲ့မနက်စာစားပြီး စတင်ပါ။