ခွေးချစ်တဲ့သူတွေအတွက်ကတော့ ခွေးလေးတွေနဲ့တွေ့ရရင် စိတ်ချမ်းသာပြီး ပျော်ရွှင်နေတာပါပဲ။ ခွေးမွေးထားခြင်းက ကိုယ့်အတွက် ပျော်ရွှင်မှုတစ်ခုထဲရရှိစေတာမဟုတ်ပဲ စိတ်ပိုင်းဆိုင်ရာနဲ့ပတ်သက်ပြီး ဒီလိုကောင်းကျိုးတွေလည်း ရရှိလာစေပါတယ်။

အထီးကျန်မှုပြေပျောက်စေခြင်း

ခွေးလေးတွေမွေးထားခြင်းက အဖော်ရစေတဲ့အတွက် အထီးကျန်မှုတွေ ပြေပျောက်စေပါတယ်။ တစ်ယောက်ထဲစိတ်အားငယ်နေချိန်၊ အထီးကျန်နေချိန်မှာ သူတို့လေးတွေသာ ဘေးနားရှိရင် အားလုံးပျောက်သွားစေပါတယ်။ သူတို့လေးတွေနဲ့ ကစားတာ၊ လမ်းလျှောက်တာမျိုးတွေ လုပ်ပြီးတော့ အထီးကျန်မှုတွေကို ပြေပျောက်အောင် လုပ်နိုင်ပါတယ်။

စိုးရိမ်ပူပန်မှုတွေပြေပျောက်စေခြင်း

Anxiety တွေများနေရင် ခွေးလေးတွေ၊ ကိုယ်ချစ်တဲ့တိရိစ္ဆာန်လေးတွေနဲ့ အချိန်ကုန်ဆုံးပါ။ Anxiety တွေလျော့ကျသွားပြီး စိုးရိမ်ပူပန်မှုတွေကလည်း ဖြေးဖြေးချင်းစီ လျော့နည်းလာစေပါတယ်။ သူငယ်ချင်းလည်းသိပ်မရှိဘူးဆိုရင် ကိုယ်ချစ်တဲ့တိရိစ္ဆာန်လေးတွေ၊ ခွေးလေးတွေမွေးဖို့ အကြံပေးချင်ပါတယ်။

စိတ်ပျော်ရွှင်ကြည်နူးမှုရစေခြင်း

သူတို့လေးတွေရဲ့ အမူအရာတွေ၊ သူတို့နဲ့အတူတူ အချိန်ကုန်ဆုံးရတာတွေ၊ ကစားပေးရတာတွေကြောင့် စိတ်ပျော်ရွှင်ကြည်နူးမှုကိုလည်း ရစေပါတယ်။ စိတ်ညစ်နေရင် ခွေးလေးတွေနဲ့သာ အချိန်ကုန်ဆုံးလိုက်ပါ။ ခွေးချစ်တတ်တဲ့သူတွေအတွက်ဆို ပိုတောင်စိတ်ပျော်ရွှင်ရမှာပါ။

စိတ်ဖိစီးမှုပြေပျောက်စေခြင်း

အပေါ်မှာပြောခဲ့သလိုပဲ သူတို့လေးတွေကြောင့် ပျော်ရွှင်ကြည်နူးမှုကို ရစေတဲ့အတွက် စိတ်ဖိစီးမှုတွေလည်း ပြေပျောက်စေပါတယ်။ ရင်ဖွင့်စရာလူမရှိရင် သူတို့လေးတွေကိုပြောလို့လည်းရသလို စိတ်ညစ်နေချိန်၊ စိတ်အားငယ်နေချိန်မှာလည်း အားဖြစ်စေပါတယ်။ Stress တွေများနေပေမယ့် အပြင်သွားပြီးလည်း မပျော်ပါးချင်ဘူးဆိုရင် ခွေးလေးတွေရဲ့ ဝေယျာဝစ္စတွေ လုပ်ပေးတာမျိုး၊ သူတို့လေးတွေနဲ့ ကစားတာမျိုးတွေ လုပ်ပေးပြီးတော့ စိတ်ဖိစီးမှုတွေကို လျှော့ချနိုင်ပါတယ်။