ယနေ့ခေတ်ရဲ့ လူငယ်အများစုဟာ ငွေရေးကြေးရေးကို သေချာထိန်းသိမ်းစီမံခန့်ခွဲနိုင်ခြင်းမရှိသေးဘဲ ရလာတဲ့ဝင်ငွေနဲ့မမျှတတဲ့ သုံးစွဲမှုတွေကို ပြုလုပ်နေမိကြပါတယ်။

ငယ်ရွယ်စဥ်ကတည်းက ကိုယ့်လက်ထဲက ဝင်ငွေကို သေချာနည်းစနစ်ကျကျနဲ့ သုံးစွဲပုံသုံးစွဲနည်း သင်ယူနားလည်ထားမှ အသက်အရွယ်ရလာတဲ့အချိန်မှာ နောင်တတွေရမနေနိုင်အောင် ကြိုတင်ကာကွယ်ထားနိုင်မှာဖြစ်ပါတယ်။

ဒါကြောင့် ပိုက်ဆံနဲ့ပတ်သက်လာရင် လူငယ်အများစုပြုလုပ်တတ်တဲ့ အမှားတွေကိုထောက်ပြရင်းနဲ့ သင်ယူစရာရှိတာလေးတွေကို သင်ယူလိုက်ရအောင်ပါ။

၁။ ငွေကြေးချမ်းသာတဲ့သူငယ်ချင်းတွေနဲ့အပြိုင် ပိုက်ဆံလိုက်သုံးခြင်း

ကိုယ့်ထက်ပိုပြီးတော့ ပိုက်ဆံရှိတဲ့အိမ်က သူငယ်ချင်းတွေနဲ့ အပြင်ထွက်လည်ပတ်တဲ့အခါ ရွယ်တူချင်းအရှက်မရစေဖို့၊ သိက္ခာမကျစေဖို့ဆိုတဲ့ အကြောင်းပြချက်တွေနဲ့ သူတို့နဲ့အပြိုင် ဒီဇိုင်နာအဝတ်အစားတွေ၊ ဖန်စီကားတွေ၊ နိုင်ငံခြားခရီးထွက်တာမျိုးတွေကို လိုက်လုပ်တတ်ကြပါတယ်။ ဒီလိုတွေမလုပ်သင့်ဘဲ ကိုယ်သုံးနိုင်တဲ့အတိုင်းအတာက ဘယ်လောက်ဆိုတာနဲ့ အကြွေးပင်လယ်ထဲ မနစ်ဝင်သွားစေဖို့က အရေးကြီးဆုံးဆိုတာကို သဘောပေါက်နားလည်ထားရပါမယ်။

၂။ ဝင်ငွေကိုမျှတအောင် အသုံးမပြုခြင်း

အရာရာကို ကောင်းမွန်စွာလေ့လာနိုင်သေးတဲ့ ငယ်ရွယ်ချိန်ကတည်းက ကိုယ်နဲ့သက်ဆိုင်တဲ့ငွေရေးကြေးရေးကို သေသေချာချာ စီမံခန့်ခွဲနိုင်ဖို့အတွက် သင်ယူထားတာက အကောင်းဆုံးပါပဲ။ 50/30/20 budget စည်းမျဥ်းအတိုင်း လိုက်နာမယ်ဆိုပါက ကိုယ့်လက်ထဲကငွေကို တည်ငြိမ်စွာခန့်ခွဲနိုင်မှာဖြစ်ပါတယ်။ ကိုယ့်ဝင်ငွေ ၅၀ ရာခိုင်နှုန်းကို အိမ်လခ၊ အစားအစာ၊ သယ်ယူပို့ဆောင်ရေး၊ ဘေလ်ဆောင်ရေး တို့အတွက် အသုံးပြုပြီး ၂၀ ရာခိုင်နှုန်းကိုတော့ ဝင်ငွေစုဆောင်းခြင်း၊ အကြွေးဆပ်ခြင်းအတွက်ထားကာ ကျန်တဲ့ ၃၀ ရာခိုင်နှုန်းကိုတော့ ကိုယ်သုံးချင်တဲ့နေရာမှာအသုံးပြုလို့ရပါတယ်။

၃။ အပြင်စာတွေပဲ အမြဲဝယ်စား၊ မှာစားခြင်း

ကိုယ့်မိဘတွေနဲ့ အတူတူမနေတော့တဲ့သူတွေအနေနဲ့ အရင်လိုမျိုး အိမ်ထမင်းအိမ်ဟင်း အချိန်ပြည့်စားခွင့်ရရှိဖို့ဆိုတာ ခက်ခဲသွားပါပြီ။ ဒါကြောင့် ချက်နေလည်းအပိုပါပဲဆိုပြီး ခဏခဏ မှာစားနေရာကနေ မလိုအပ်ဘဲ အပိုငွေတွေကုန်လာရပါလိမ့်မယ်။ ထိုအစား ဈေးကိုကိုယ်တိုင်သွားပြီး လိုအပ်တဲ့ဟင်းချက်ပစ္စည်းလေးတွေဝယ်ကာ ကိုယ်တိုင်အိမ်မှာချက်စားပါ။ မချက်တတ်ဘူးဆိုရင်လည်း ချက်တတ်အောင် သင်ယူပါ။

၄။ မလိုအပ်သေးဘဲ အကြွေးဝယ်ကဒ်လျှောက်ထားခြင်း

အကြွေးဝယ်ကဒ်လျှောက်ထားတာက ဝယ်နေချိန်မှာတော့ လက်ထဲကပိုက်ဆံမထွက်လို့ မသိသာဘူးဆိုပေမယ့် အချိန်ပြည့်သွားရင် သုံးထားသလောက် ပြန်ဆပ်ရတာပါပဲ။ ကိုယ်လိုချင်တဲ့၊ လိုအပ်နေတဲ့ပစ္စည်းက ဈေးကြီးနေလို့ အရစ်ကျဝယ်ဖို့ အကြွေးဝယ်ကဒ်က အသုံးဝင်ပေမယ့်လည်း လစာကောင်းတဲ့အချိန်ကျမှသာ လျှောက်ထားခြင်းက အကောင်းဆုံးပဲဖြစ်ပါတယ်။

၅။ ရှေ့ရေးအတွက် ကြိုမတွေးခြင်း

အသက် ၂၀ အရွယ်ပဲရှိသေးလို့ ရှေ့ရေးတွေကို ကြိုတွေးဖို့မလိုသေးပါဘူးလို့ သင်တွေးနေတယ်ဆိုရင်တော့ အမှားကြီးမှားသွားပါပြီ။ ကိုယ်ပိုက်ဆံရှာနိုင်နေသေးတဲ့ အရွယ်ကောင်းလေးဖြစ်နေချိန်သေးမှာ အိုစာမင်းစာကို ကြိုတင်ထည့်တွက်ပြီး ငွေကြေးစုဆောင်းဖို့လိုအပ်ပါတယ်။ ဒါမှသာ မကျန်းမာဖြစ်ပြီး ပိုက်ဆံမရှာနိုင်တော့တဲ့အအသက်အရွယ်ရောက်တဲ့အခါ ငွေရေးပူစရာမလိုဘဲ နေထိုင်နိုင်မှာဖြစ်ပါတယ်။

၆။ စိတ်ပျော်ဖို့ပိုက်ဆံလျှောက်သုံးခြင်း

လူငယ်တွေအများစု ဝယ်ယူသုံးစွဲနေတဲ့ပစ္စည်းတွေထဲက အများစုဟာ တကယ်မလိုအပ်ဘဲနဲ့ ဝယ်ချင်စိတ်ပေါက်တာနဲ့ ဝယ်ထားကြတာချည်းပါပဲ။ ဝယ်လိုက်ချိန်မှာ ဘာခံစားချက်မှမရှိပေမယ့် တကယ်တမ်းတော့ ကိုယ်ပင်ပန်းစွာရှာထားရတဲ့ပိုက်ဆံကို ဖြစ်ကလဲ့ဆန်းသုံးလိုက်သလိုဖြစ်သွားပါတယ်။ ဒါကြောင့် ကိုယ်စိတ်မပျော်လို့ စိတ်ပျော်အောင် ဈေးဝယ်လျှောက်ထွက်တာမျိုးထက် အကျိုးဖြစ်စေမယ့်အရာတွေကိုပြုလုပ်ကာ အချိန်ကိုအကျိုးရှိရှိ အသုံးချလိုက်ပါ။

Source: BrightSide