အားလုံးပဲမင်္ဂလာပါနော်။ Model သက်တမ်းဆယ်နှစ်ကျော်ရှိပြီး လတ်တလော Squid Game ဇာတ်လမ်းတွဲနဲ့ နိုင်ငံတကာပရိသတ်တွေကြားရေပန်းစားလာတဲ့ မော်ဒယ် မင်းသမီး HoYeon ကိုတော့ ပျိုမေတို့ရင်းနှီးပြီးသားဖြစ်မှာပါ။ HoYeon ဟာ ထူးခြားတဲ့မျက်နှာထား၊ အဆီပိုမရှိသွယ်လျတဲ့ ကိုယ်လုံးကိုယ်ပေါက်တွေပိုင်ဆိုင်ထားသူတစ်ယောက်ပြီး လက်ရှိမှာကမ္ဘာကျော်ထိပ်တန်းမော်ဒယ် မင်းသမီးတစ်ဦးအနေနဲ့ ရပ်တည်နေသူဖြစ်ပါတယ်။ သူမရဲ့ အရပ်က ၅ ပေ ၉ လက်မအထိရှည်ပြီး ခါးဆိုဒ် 22 Inches သာရှိသူတစ်ယောက်ပါ။
HoYeon ဟာ လေ့ကျင့်ခန်းလုပ်တဲ့အခါ အရမ်းမပင်ပန်းဘဲ ဖြေးဖြေးချင်း၊ ရက်များများပြုလုပ်ရတာမျိုးကို ပိုသဘောကျကြောင်း TV Program တစ်ခုမှာပြောပြဖူးပါတယ်။ ဒီတစ်ခေါက်မှာ ခါးသေးပြီး ဗိုက်ချပ်စေဖို့ HoYeon ပြုလုပ်လေ့ရှိတဲ့ (၁၀) မိနစ်စာ လေ့ကျင့်ခန်းအချို့ကိုမျှဝေပေးပါရစေ။

၁။ Downward Dog Ab Crunch


ခြေထောက်နဲ့လက်တွေကို ကြမ်းပြင်ပေါ်မှောက်ခုံထောက်ထားပြီး ခြေထောက်တစ်ဖက်ကို အပေါ်ထောင်ပေးပါ။ ပြီးနောက် ပြန်ချပြီး လက်အနားထိရောက်အောင် ဒူးကွေးပေးရပါမယ်။ ဒီလိုပုံစံအတိုင်း ခြေထောက်တစ်ဖက်ချင်းစီအတွက် စက္ကန့် (၂၀) ၃ ကြော့ပြုလုပ်ပေးပါ။

၂။ Wheel Pose


Wheel Pose က Yoga လေ့ကျင့်ခန်းတစ်ခုဖြစ်ပြီး ကိုယ်ခန္ဓာအကြောတွေကို ပျော့ပြောင်းစေတဲ့အပြင် ဗိုက်လည်းချပ်လာစေပါတယ်။ ပြုလုပ်ရမှာကတော့ ခန္ဓာကိုယ်ကိုကော့ပြီး လက်နှစ်ဖက်ကို နောက်ပြန်လှန်ထောက်ထားပေးရမှာပါ။ ဒီလေ့ကျင့်ခန်းကို စက္ကန့် (၃၀) ၄ ကြော့အထိပြုလုပ်ပေးနိုင်ပါတယ်။

၃။ Roll Up


ပုံပါအတိုင်း လှဲလျက်အနေအထားနဲ့ လက်နှစ်ဖက်ကိုဆန့်ထုတ်ပြီး ခြေထောက်နားအထိ ကြွလိုက်ပြန်ချလိုက် ပြုလုပ်ပေးရပါမယ်။ ပြန်ထတဲ့အခါ ခြေထောက်နဲ့ထိနိုင်သမျှအနီးဆုံးအထိ ကွေးပေးပါ။ ဒီလေ့ကျင့်ခန်းကိုတော့ စက္ကန့် (၂၀) ၄ ကြော့အထိပြုလုပ်ပေးသင့်ပါတယ်။

၄။ Bicycle Crunch

ခန္ဓာကိုယ်ကိုလှဲချထားပြီး ခေါင်းကိုလက်နှစ်ဖက်နဲ့ထိန်းကာ လေထဲမှာ ဖြေးဖြေးချင်း စက်ဘီးနင်းနေတဲ့ပုံစံ ပြုလုပ်ပေးရမှာပါ။ ဒီလေ့ကျင့်ခန်းကိုတော့ စက္ကန့် (၂၀) စီ ၄ ကြော့ပြုလုပ်ပေးရပါမယ်။

၅။ Kneeling Side Kick


ပုံပါအတိုင်း ခန္ဓာကိုယ်ကိုတစ်ဖက်စောင်းထားပြီး လက်တစ်ဖက်နဲ့ ဒူးတစ်ဖက်ကိုထောက်ထားပေးရပါမယ်။ ပြီးနောက် ကျန်ခြေထောက်တစ်ဖက်ကို မြှောက်လိုက်ချလိုက်ပြုလုပ်ပေးပါ။ ဒီပုံစံအတိုင်း ခြေထောက်တစ်ဖက်ချင်းအတွက် စက္ကန့် ၂၀ ၄ကြိမ်ခန့်ပြုလုပ်ပေးနိုင်ပါတယ်။

Photo Source: Pinterest

By MyStyle Myanmar