အားလုံးပဲ့ မင်္ဂလာပါနော်။ ကြည်လင်စိုပြေတဲ့အသားအရေ‌ရရှိဖို့ Skin careလုပ်တဲ့အခါမှာ မျက်နှာသစ်တာကို နည်းလမ်းတကျသစ်နိုင်ဖို့ကလည်း အရမ်းလိုအပ်ပါတယ်။ မျက်နှာသစ်တဲ့အခါ မျက်နှာပေါ်က အဆီပိုတွေ၊ အညစ်အကြေးအားလုံးကို စင်အောင်သစ်ဖို့ အရေးကြီးပါတယ်။ ဒါပေမယ့် သင်သတိမထားမိဘဲ မျက်နှာပေါ်မှာရှိတဲ့ အဆီတွေ အညစ်ကြေးတွေကို ပြောင်စင်ဖို့အတွက် မျက်နှာသစ်တဲ့အချိန်မှာ ဒီလိုအမှားတွေကို ပြုလုပ်မိနေတယ်ဆိုရင် အခုပဲရှောင်ရှားလိုက်ရအောင်….

လက်မဆေးဘဲ မျက်နှာသစ်ခြင်း

လက်မဆေးဘဲ မျက်နှာသစ်တာဟာ သင့်အသားအရေကို ပိုလို့ပျက်စီးစေပါတယ်။ အရင်ဆုံး လက်မှာပေနေတဲ့ ဘက်တီးရီးယားတွေ စင်အောင်လက်ကိုသေချာဆေးပေးဖို့လိုပါတယ်။

ရေပူပူနဲ့ မျက်နှာသစ်ခြင်း

ရေနွေးပူပူနဲ့ မျက်နှာသစ်တာဟာလည်း သင့်အသားအရေကို ခြောက်သွေ့စေပါတယ်။ ဒါ့အပြင် နောက်ပိုင်းမှာအဆီပြန်လွယ်စေပါတယ်။ ဒါ့ကြောင့် ရေကို အရမ်းလည်းမပူ အရမ်းလည်းမအေးတာနဲ့ သစ်ပေးလိုက်ပါ။

မျက်နှာသစ်ဆပ်ပြာကို အချိန်အကြာကြီး မျက်နှာမှာ ထားခြင်း

မျက်နှာသစ်ဆပ်ပြာကို အချိန်အကြာကြီး ထားတာဟာ သင့်အသားအရေကို ပိုလို့ပျက်စီးစေပါတယ်။ စက္ကန့် ၂၀ ကနေ ၃၀ ထက်ပိုပြီးမထားသင့်ပါဘူး။ အသားအရေခြောက်သွေ့ပြီး နီလာတတ်ပါတယ်။

Cleansing နှစ်ကြိမ် မလုပ်ခြင်း

သင့်မျက်နှာပေါ်မှာ လိမ်းထားတဲ့ မိတ်ကပ်တွေ အားလုံးစင်သွားအောင် Cleanser (သို့) တိုနာနဲ့ အရင်ဆုံး ဖယ်ရှားပေးလိုက်ပါ။ ပြီးတော့မှ မျက်နှာသစ်ဆပ်ပြာနဲ့ မျက်နှာသစ်ပေးရမှာဖြစ်ပါတယ်။ မဟုတ်ဘဲ တစ်မျိုးပဲလုပ်ရင်တော့ အညစ်အကြေးတွေလည်း သေချာသန့်စင်သွားမှာ မဟုတ်ပါဘူး။

ညအိပ်ယာမဝင်ခင် မျက်နှာမသစ်ခြင်း

ညအိပ်ယာမဝင်ခင် မျက်နှာမသစ်တာဟာ သင့်အသားအရေကို များစွာထိခိုက်ပျက်စီးစေပါတယ်။ ဒါ့ကြောင့် မိတ်ကပ်ကိုသေချာဖျက်ပြီး၊ မျက်နှာသေချာသစ်ပြီးမှ အိပ်ယာဝင်ပါ။