ဗိုက်ချပ်လေ့ကျင့်ခန်းလုပ်နေပေမယ့် ထင်သလောက်မထူးလာဘူးလို့ ခံစားရရင်တော့ သင်လုပ်တဲ့နည်းက လွဲနေတာကြောင့် ဖြစ်နိုင်ပါတယ်။ ဗိုက်ကြွက်သားကို အားပြုရတဲ့လေ့ကျင့်ခန်းတွေထဲမှာ အများစုက အိပ်ထ မ တင်လုပ်တာ၊ Plank ထောက်တာတွေဖြစ်ပြီး သင့်ရဲ့ပြုလုပ်ပုံပေါ်မူတည်ကာ ထိရောက်မှုက ကွာသွားမှာပါ။ Gym မှာကိုယ်တိုင်သွားလုပ်မယ့်သူဆိုရင်တော့ Gym Trainer တွေတစ်ဆင့် သိနိုင်ပေမယ့် အိမ်မှာပဲလုပ်မယ့်သူတွေက သတိမထားမိတတ်တာမို့ ဒီတစ်ခေါက်မှာ ဗိုက်ချပ်လေ့ကျင့်ခန်းလုပ်ချိန် မှားတတ်တဲ့ လုပ်နည်းအလွဲလေးတွေကို ဝေမျှပေးလိုက်ပါတယ်။

အိပ်ထ မ တင်လုပ်တဲ့အခါ

Photo Source: bebeautiful.in

ဒူးထောင်ကာ ခန္ဓာကိုယ်ကိုကြမ်းပြင်မှာ လှဲချပြီး ခေါင်း မ ပေးရတဲ့ အိပ်ထ မ တင်လေ့ကျင့်ခန်းလုပ်တဲ့အခါ ခါးကို ကြမ်းပြင်နဲ့ခွာထားတာမျိုး မလုပ်ရပါဘူးနော်။ ခါးနဲ့ကြမ်းပြင်ထိပြီး ဗိုက်ကြွက်သားတွေတင်းကာ ခေါင်း မ ပေးပါ။ ခေါင်း မ တဲ့အခါမှာလည်း ခေါင်းနောက်မှာ ထိန်းထားတဲ့ လက်နှစ်ဖက်နဲ့ဆွဲ မ တာမျိုး မလုပ်ဘဲ သင့်ခန္ဓာကိုယ်အပေါ်ပိုင်းကိုသာ အားပြုပြီး မ တင်ပေးပါ။

Plank ထောက်တဲ့အခါ

Photo Source: MARCA

Plank ထောက်တာက ဗိုက်ချပ်ဖို့အတွက် အရမ်းထိရောက်သလို တကယ်တမ်းထိရောက်ဖို့ အနေအထားမှန်မှန်လုပ်တတ်ဖို့ကလည်း အရေးကြီးပါတယ်။ ထောက်တဲ့အခါ ခြေထောက်နဲ့ ကြမ်းပြင်အရမ်းကပ်နေလို့ မရသလို ခါးအပေါ်ကိုကုန်းတက်နေလို့လည်း မရပါဘူး။ တံတောင်နဲ့ ခြေဖျားတွေထောက်ကာ နောက်ကျောနဲ့ ခါးတစ်တန်းတည်းဖြစ်အောင် ဆန့်ပြီး ဗိုက်ကြွက်သားတွေကို တင်းထားပါ။

Bicycle Crunches လုပ်တဲ့အခါ

Photo Source: POPSUGAR

ဒူးထောင်ကာ လှဲပြီး လေပေါ်စက်ဘီးနင်းနေသလို လုပ်ပေးရတဲ့ ဒီလေ့ကျင့်ခန်းလုပ်တဲ့အခါ အများစုမှားတတ်တာက ခြေထောက်တွေကို မြန်မြန်လှုပ်ရှားတာပါ။ စက်ဘီးအမြန်နင်းသလို ခြေထောက်ကိုလှည့်တာက လုပ်ရပိုလွယ်သလို ဗိုက်အတွက်လည်း သိပ်ပြီးမထိရောက်ပါဘူး။ ဒါကြောင့်မို့ ခြေထောက်ကို ဒူးထိပ်နဲ့ တံတောင်စွန်း နှစ်ခုထိတဲ့အထိ ကွေးပြီး ဗိုက်ကိုအားပြုကာ ဖြေးဖြေးချင်း လုပ်ပေးပါ။

By MyStyle Myanmar