ရည်မှန်းချက်အတွက် ပန်းတိုင်တွေချတာ သိပ်ကောင်းပါတယ်။ ဒါပေမယ့်လည်း တချို့တွေဟာ ရည်မှန်းချက်ချရာမှာ အမှားလုပ်မိလို့ လိုရာပန်းတိုင်ကို မရောက်ဖြစ်တာတွေ ရှိပါတယ်။ ဒီအမှားတွေထဲကနေ ရှောင်ရှားသင့်တဲ့ အမှားတချို့အကြောင်း ပြောပြချင်ပါတယ်။

(၁) ဝေဝါးလွန်းတဲ့ ပန်းတိုင်ချမှတ်ခြင်း

“ကိုယ့်ဘဝကို ပျင်းနေပြီဆိုရင် – မနက်တိုင်းကို တက်ကြွထက်သန်တဲ့ စိတ်ဆန္ဒအပြည့်နဲ့ လုပ်စရာတွေ ထလုပ်ချင်တဲ့ စိတ်မရှိရင် – ခင်ဗျားမှာ လုံလောက်တဲ့ပန်းတိုင် မရှိဘူး” လို့ Lou Holtz က ပြောဖူးပါတယ်။

လုံလောက်တဲ့ ပန်းတိုင်ဆိုတာ ပြတ်သားရှင်းလင်းတဲ့ ရည်မှန်းချက်တွေ ရှိပြီး မအိပ်မနေ စဉ်ဆက်မပြတ် ဆက်လုပ်ချင်တဲ့ ဆန္ဒကို မီးထိုးပေးရာ ရောက်ဖို့ လိုပါတယ်။

(၂) သိပ်မြင့်လွန်းတဲ့ ပန်းတိုင် ချမှတ်ခြင်း

ရည်မှန်းချက် သိပ်နိမ့်နိမ့်လေး ထားတာဟာ ပန်းတိုင်လို့တောင် ပြောလို့ ရမှာ မဟုတ်ပါဘူး။ ဒီလိုပါပဲ။ မဖြစ်နိုင်အောင် သိပ်မြင့်လွန်းတဲ့ အကွာအဝေးက ရည်မှန်းချက်ကို ထားတာကလည်း တမင်သက်သက် ကိုယ့်ကိုယ်ကိုယ် ဒုက္ခပေးတာပဲ ဖြစ်ပါတယ်။

ကမ္ဘာကျော် သူဌေးကြီး ဂျွန်ဒီ ရော့ခ်ဖဲလားရဲ့ ရည်မှန်းချက်က ဒေါ်လာ ၁ သိန်း ရဖို့ ဖြစ်ပါတယ်။ နောက်ဆုံးတော့ သူဟာ ဒေါ်လာ ၁ ဘီလျံ ချမ်းသာသူ ဖြစ်လာပါတယ်။ အခုခေတ် ငွေကြေးဈေးနဲ့ဆို ဒေါ်လာ ဘီလျံ ၃၀၀ ဖြစ်ပါတယ်။

(၃) ကိုယ်ပိုင်အဓိပ္ပါယ် ကင်းမဲ့ခြင်း

ဘယ်လို ရည်မှန်းချက်ပဲ ဖြစ်ဖြစ် ကိုယ်ပိုင်တန်ဖိုး နဲ့ အဓိပ္ပါယ်တွေ ပါဝင်နေမှသာ ရည်မှန်းချက်နောက် တစ်ကောက်ကောက် လိုက်ချင်အောင် ဆွဲဆောင်နိုင်စွမ်း ရှိမှာပါ။ ရည်မှန်းချက်တစ်ခု ထားတော့မယ်ဆိုရင် ကိုယ်တန်ဖိုးထားတဲ့ တန်ဖိုးတစ်ခုခု ပါဖို့လည်း အရေးကြီးပါတယ်။