အလှအပနဲ့ပတ်သက်လာရင် ထိခိုက်တာမျိုးတွေ၊ မှားယွင်းတာမျိုးတွေမရှိအောင် ထိန်းသိမ်းဂရုစိုက်နေတဲ့ ကြားထဲကနေ အသားအရေတွေပျက်စီးတာမျိုးကို ကြုံနေရပြီလား။ ဒီလိုအကြောင်းအရင်းမျိုးတွေဖြစ်နေပြီဆိုရင် သင်လုပ်မိနေတဲ့အရာတွေထဲမှာ သင့်အသားအရေကို ပျက်စီးစေနိုင်တာမျိုးတွေလည်း ပါနေတာကြောင့်ပဲဖြစ်ပါတယ်။

ညဘက်မှာအသားအရေတွေကို ကောင်းကောင်းထိန်းသိမ်းနိုင်မှလည်း သင့်အသားအရေလေးက ကြည်လင်ပြီး မနက်ခင်းတိုင်းက လှပတဲ့အချိန်လေးတွေကို ပိုင်ဆိုင်ရမှာပဲဖြစ်ပါတယ်။ ဒါပေမယ့် သိထားရမှာလေးတစ်ခုက ပျိုမေတို့ရဲ့မသိလိုက်ပဲ ပြုလုပ်လိုက်မိတဲ့ အမှားသေးသေးလေးတွေကအစ သင့်အသားအရေကို ထိခိုက်ပျက်စီးမှုတွေ ဖြစ်စေလာနိုင်တာပါပဲ။

ညဘက်မှာရေနွေးနဲ့ရေချိုးခြင်း

အကောင်းနဲ့အဆိုးဆိုတာ အမြဲတမ်းဒွန်တွဲနေတတ်တဲ့အရာဆိုတာ သိပ်ကိုမှန်လွန်းတဲ့စကားပါပဲ။ ညဘက်မှာရေချိုးတာက သင့်ခန္ဓာကိုယ်မှာရှိတဲ့ညောင်းညာမှုတွေကို ပြေလျော့သွားစေပြီး နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်မှုကိုလည်း အထောက်အကူဖြစ်စေတယ်ဆိုတာက မှန်ပေမယ့် သင့်အသားအရေကိုတော့ ခြောက်သွေ့ကြမ်းတမ်းမှုတွေဖြစ်စေနိုင်ပါတယ်။

ဒါကြောင့် သင့်အသားအရေကို ပျက်စီးမှုတွေမဖြစ်အောင်လို့ ညဘက်မှာရေနွေးနဲ့ရေချိုးတာကို ရှောင်လိုက်ပြီးအိပ်တဲ့အခါမှာတော့ နွေးနွေးထွေးထွေးလေးဖြစ်အောင် ထားပြီးအိပ်သင့်ပါတယ်။

အိပ်ရာထဲရောက်မှ ဖုန်းပြောတတ်တဲ့အကျင့်

တော်တော်များများလုပ်တတ်တဲ့အကျင့်လေးပေါ့ အိပ်ရာထဲရောက်သွားမှ အင်တာနက်သုံးတာတွေ၊ သင့်ရဲ့တစ်ယောက်သောသူ ဒါမှမဟုတ် သူငယ်ချင်းတွေနဲ့ ဖုန်းပြောတာမျိုးတွေက ဆိုးရွားတဲ့အကျင့်တစ်ခုပါ။

သင်အိပ်တော့မယ်လို့စဉ်းစားပြီး အိပ်ယာထဲကိုဝင်လိုက်ပြီးမှ ဖုန်းပြောနေမယ်ဆိုရင် သင့်ရဲ့အိပ်ချင်တဲ့စိတ်ကို ပျက်ပြားသွားစေပြီး အိပ်ရေးမဝတာတွေကိုဖြစ်လာစေမှာပါ။

တစ်ချိန်ထဲမှာပဲ ဖုန်းကိုနားနားမှကပ်ပြီးပြောတဲ့အခါမှာ ဘက်တီးရီးယားတွေကို ပျံ့ပွားအောင်လုပ်ပေးနေသလိုမျိုး ဖြစ်နေတာကြောင့် သင့်ကိုဝက်ခြံတွေပိုပြီး ဖြစ်လာစေနိုင်ပါတယ်။

အိပ်ရေးမဝအောင်နေထိုင်တာ

အခုခေတ်လူငယ်တော်တော်များများ ၁၀ ယောက်မှာ ၉ ယောက်လောက်က အိပ်ရာဝင်တာ နောက်ကျတတ်တဲ့သူတွေပဲဖြစ်ပါတယ်။ သင့်မှာအိပ်ချိန်ကပုံမှန်ရှိမနေဘူးဆိုရင် သင့်မျက်နှာအရေပြားတွေက ပျက်စီးလာမယ့်အပြင် ဝက်ခြံတွေဖြစ်လာရုံသာမကပဲ အသားအရေကိုလည်း ခြောက်သွေ့ပျက်စီးမှုတွေ ဖြစ်လာစေပါတယ်။

သင်အိပ်နေတဲ့အချိန်မှ သင့်အသားအရေကို နဂိုတိုင်းကောင်းမွန်အောင် ပြန်လာပြုလုပ်ပေးနိုင်ပြီး ပြန်လည်နုပျိုအောင်လည်း ပြုလုပ်ပေးနိုင်တာကြောင့် သင်အနေနဲ့ အိပ်ရေးဝအောင်နေထိုင်ဖို့က အရေးကြီးဆုံးပါပဲ။

သင်ကမှောက်အိပ်တတ်တာလား

အိပ်စက်ခြင်းရဲ့တကယ့်ပုံစံအမှန်ကတော့ ပက်လက်လှန်ပြီးအိပ်တာပါပဲ။ မှောက်ပြီးအိပ်မယ်ဆိုရင် သင့်မျက်နှာကိုခေါင်းအုံးပေါ်မှာ ကပ်ပြီးအိပ်နေရတာဆိုတော့ မျက်နှာနဲ့ခေါင်းအုန်းပွတ်တိုက်မိတာများလာတော့ အရေးအကြောင်းနဲ့ အသားအရေခြောက်သွေ့တာတွေကို ဖြစ်ပေါ်လာစေနိုင်ပါတယ်။

ခေါင်းအုံးမှာဘက်တီးရီးယားတွေ အများအပြားကပ်တွယ်နေနိုင်တယ်ဆိုတာတော့ သင်သိပြီးသားဖြစ်မှာပါ။ ဝက်ခြံတွေပေါက်နေတယ်ဆိုပြီး စိတ်ညစ်နေပေမယ့် သင်အိပ်တဲ့ပုံစံကလည်း မှားနေတယ်ဆိုရင်တော့ ဝက်ခြံပျောက်မယ့် Skin Care တွေကို တကူးတကလိုက်ရှာမနေပါနဲ့တော့။

Photo Source: Pinterest