တနေ့တခြား ဝလာတယ်လို့ ခံစားမိပြီး ဒီပရက်ရှင်ဝင်နေပြီလား။ တကယ်တော့ သင့်ကို ဝလာစေတဲ့ အကြောင်းအရင်းတွေက သင့်အနီးအနားပတ်ဝန်းကျင်မှာ များစွာရှိနေတတ်ပါတယ်။

တချို့သော သတိမထားမိပဲလုပ်လေ့ရှိတဲ့ နေ့စဉ်အလေ့အထတွေကလည်း သင့်ကို ကိုယ်အလေးချိန် အဆမတန်တိုးလာစေနိုင်ပါတယ်။ ဒီနေ့မှာတော့ သင့်ကိုဝလာစေတဲ့ အဓိကအကြောင်းအရင်းတွေထဲက တချို့ကို ပြောပြပေးချင်ပါတယ်။

(၁) ကယ်လိုရီပါဝင်တဲ့ အချိုရည်များ သောက်သုံးခြင်း

လူအများစုဟာ ကယ်လိုရီဓာတ်များစွာပါဝင်တဲ့ အဖျော်ယမကာတွေ သကြားပါဝင်မှုများတဲ့အချိုရည်တွေနဲ့ စွမ်းအားဖြည့်အချိုရည်တွေကို နေ့စဉ်သောက်သုံးနေမိတက်ပါတယ်။

သို့သော်သတိမထားမိတာတစ်ခုက အဆိုပါ အချိုရည်တွေမှာ ကယ်လိုရီများစွာပါဝင်ပြီး သောက်ပြီးနောက် ၁ နာရီခန့်အကြာမှာ ဆာလောင်မွတ်သိပ်မှုကိုပိုဖြစ်စေပါတယ်။ သွေးတွင်းအဆီဓာတ်ကိုလည်း မြင့်တက်စေတာကြောင့် သင့်ကိုဝလာစေနိုင်ပါတယ်။

(၂) အဆီများတဲ့ အစားအစာတွေ စားသုံးခြင်း

အဆီဓာတ်မြင့်မားစွာပါဝင်တဲ့ အစားအစာ‌တွေ ဆီကြော်တွေ ပြုပြင်ထားတဲ့အသားတွေ အသင့်စား အစားအစာတွေ Junk Food တွေက လွယ်လွယ်ကူကူစားလို့ရတာကြောင့် လူကြိုက်များကြပါတယ်။

သို့သော် အဆီ ၁ ဂရမ်မှာ ကယ်လိုရီပမာဏ ၉ ပါဝင်တာကြောင့် ဒီလိုအဆီဓာတ်များတဲ့ အစားအစာတွေကိုမကြာခဏ စားမယ်ဆိုရင် ကိုယ်အလေးချိန်တိုးလာနိုင်ပြီး အဝလွန်ခြင်းတွေဖြစ်လာစေနိုင်ပါတယ်။

(၃) အိပ်ချိန်လုံလုံလောက်လောက်မရှိခြင်း

အိပ်ရေးပျက်ခြင်းက ခန္ဓာကိုယ်ရဲ့လုပ်ဆောင်ချက်တွေကို ကမောက်ကမဖြစ်စေပြီး ကိုယ်အလေးချိန်တိုးစေတဲ့ ဟော်မုန်းဓာတ်တွေကို ထုတ်လွတ်ပေးပါတယ်။ ညဘက်ညဉ့်နက်ချိန်အထိ မအိပ်ပဲနေတဲ့အခါ သန်းခေါင်ကျော် ဆာလောင်မှုကိုခံစားရပြီး နောက်ကျမှအစားအစာတွေ စားမိရာကနေလည်း ကိုယ်အလေးချိန်တိုးလာကာ သင့်ကိုဝလာစေမှာဖြစ်ပါတယ်။

(၄) ကိုယ်လက်လှုပ်ရှားမှုနည်းခြင်း

အထိုင်များခြင်း ကိုယ်လက်လှုပ်ရှားမှုနည်းခြင်းဟာ အဝလွန်ခြင်းကိုဖြစ်စေနိုင်တဲ့ အကြောင်းအရင်းတစ်ရပ်ဖြစ်ပါတယ်။ ကိုယ်လက်လှုပ်ရှားမှုပြုလုပ်ခြင်းက ကယ်လိုရီတွေကို လောင်ကျွမ်းစေနိုင်တာကြောင့် ခန္ဓာကိုယ်မှအဆီပိုတွေကို လျော့ချပေးနိုင်ပါတယ်။

သင့်အနေနဲ့ တနေ့တာအချိန်တော်တော်များများမှာ ထိုင်နေမယ် လှဲလျောင်းနေမယ် လေ့ကျင့်ခန်းလုပ်တာမျိုးလည်းမရှိဘူးဆိုရင် အဝလွန်ခြင်းသာမက စိတ်ဖိစီးမှုများခြင်း ကိုယ်ခံစွမ်းအားကျဆင်းခြင်းတွေပါ ဖြစ်လာနိုင်ပါတယ်။

(၅) စိတ်ဖိစီးမှုများခြင်း

စိတ်ဖိစီးမှုတွေက ခန္ဓာကိုယ်အတွက် ဆိုးကျိုးတွေများစွာသက်ရောက်စေနိုင်ပြီး ကျန်းမာရေးကိုဆိုးရွားစွာထိခိုက်စေနိုင်သလို ကိုယ်အလေးချိန်လည်းတိုးလာစေနိုင်ပါတယ်။

စိတ်ဖိစီးမှုများနေချိန်မှာ အစားစားချင်စိတ် ပိုဖြစ်စေပြီး အချိုလွန်ကဲတဲ့အစားအစာတွေ သကြားဓာတ်များတဲ့အစားအစာတွေကို ပိုပြီးစားမိတက်ပါတယ်။ ဒီကနေတဆင့် ကိုယ်အလေးချိန်တိုးခြင်း အဝလွန်ခြင်းတွေဖြစ်လာစေနိုင်တာပါ။