တစ်ခါတစ်လေကျရင် ကိုယ့်ရဲ့အတ္တတွေ၊ ကိုယ်လုပ်နေမိတဲ့အရာတွေကြောင့် ကိုယ့်ချစ်သူနဲ့ အဆင်မပြေဖြစ်ကာ တစ်ဖြေးဖြေးဝေးကွာသွားရတာမျိုး ဖြစ်တတ်ပါတယ်။ ဒါကြောင့် အချိန်မှီပြင်ဆင်နိုင်ဖို့ သင့်ချစ်သူနဲ့အဆင်မပြေဖြစ်အောင် သင်ကိုယ်တိုင်ပြုလုပ်မိနေတဲ့ အမှားတွေကို ပြောပြပေးလိုက်ပါတယ်။

သံသယစိတ်များနေခြင်း

အချစ်ရေးမှာ ယုံကြည်မှုရှိဖို့က အရေးအကြီးဆုံးပါ။ ဘာမှမဟုတ်လည်း ကိုယ့်ချစ်သူအပေါ် ယုံကြည်မှုမရှိပဲ တစ်ခုခုဆို သံသယများနေတာ၊ သံသယစိတ်နဲ့ လိုက်ပြောဆိုပြီး စစ်ဆေးနေတာတွေက ကြာလာရင် တစ်ဖက်ကလည်း သည်းခံနိုင်မှာမဟုတ်ပါဘူး။ ဒီလိုနဲ့ ခဏခဏဆိုရင် ပြဿနာတက်စကားများပြီး ဒီ Relationship က ပျက်စီးသွားတဲ့အထိ ဖြစ်လာနိုင်ပါတယ်။

ချုပ်ချယ်လွန်းခြင်း

လူတိုင်းကတော့ ကိုယ့်ချစ်သူကို သဝန်တိုကြတာပါပဲ။ ဒါပေမယ့် သဝန်တိုတာထက်လွန်ကဲပြီး အရာရာကို လိုက်ချုပ်ချယ်လွန်းနေရင်တော့ တစ်ဖက်လူက မွန်းကြပ်ပြီး ထွက်သွားနိုင်ပါတယ်။ ကိုယ့်အနေနဲ့လည်း ပူလောင်ရပါတယ်။ ဒီချုပ်ချယ်တဲ့ပြဿနာတွေကြောင့်ပဲ ခဏခဏရန်ဖြစ်စကားများပြီး သင့်ချစ်သူနဲ့ အဆင်မပြေ ဖြစ်လာပါလိမ့်မယ်။

လိမ်ညာခြင်း

လိမ်ညာနေရင်တော့ သင့်ချစ်သူနဲ့ ရေရှည်အဆင်ပြေမှာမဟုတ်ပါဘူး။ ဘယ်လောက်ပဲ ခွင်လွှတ်ပေးပါတယ်ပြောပြော ခဏခဏဆိုရင်တော့ စိတ်ပျက်လာမှာပါပဲ။ တချို့ဆိုရင် ကိုယ်ကလိမ်ထားပြီး မိရင်တောင်မှ ဝန်မခံပဲ ကိုယ့်အမှားကို သူများအပြစ်ပြန်လုပ်တာမျိုးတွေ ရှိပါတယ်။ ဒါတွေကတော့ အဆိုးဆုံးပါပဲ။

နှိုင်းယှဉ်ပြောဆိုခြင်း

ကိုယ့်ချစ်သူကို တခြားသူနဲ့ ယှဉ်ပြီးပြောဆိုတာမျိုး မလုပ်ပါနဲ့။ ကိုယ့်ကိုလိုက်နှိုင်းယှဉ်ရင်လည်း ကြိုက်မှာမဟုတ်ပါဘူး။ ဒီလိုလိုက်နှိုင်းယှဉ်တာမျိုးကို ခဏခဏလုပ်နေမယ်ဆိုရင် သင့်ချစ်သူနဲ့ ရေရှည်အဆင်ပြေမှာ မဟုတ်ပါဘူး။

တစ်ကိုယ်ကောင်းဆန်လွန်းခြင်း

တစ်ယောက်နဲ့တစ်ယောက် တကယ်ချစ်တယ်ဆိုရင် တော်ရုံတန်ရုံ ခွင့်လွှတ်ပေးလို့ရတာမျိုးဆိုရင် ခွင့်လွှတ်ပေးလိုက်ပါ။ အဲ့လိုမဟုတ်ပဲ မာနတွေထားပြီး တင်းခံနေမယ်၊ ကိုယ့်အတွက်ပဲကိုယ်သိပြီး တစ်ဖက်လူအတွက်မကြည့်ပေးတာ၊ တစ်ကိုယ်ကောင်းဆန်တာတွေ များလာရင် အဆင်မပြေနိုင်ပါဘူး။