လှပတဲ့ Abs ရှိချင်တယ်ဆိုရင် ခန္ဓာကိုယ်မှာ အဆီ (၁၀) ရာခိုင်နှုန်းခန့်ရှိဖို့ လိုအပ်ပါတယ်။ လူတော်တော်များများ တောင့်တင်းခိုင်မာတဲ့ ခန္ဓာကိုယ်မျိုးကို ပိုင်ဆိုင်လိုချင်ကြတယ်။ တစ်ချို့တွေကြတော့ လိုချင်ဇောနဲ့ အမှားတွေ လုပ်မိတတ်ကြတယ်။ တောင့်တင်းတဲ့ ခန္ဓာကိုယ်ပိုင်ဆိုင်ဖို့ဆိုရင် လေ့ကျင့်ခန်းတွေကို မှန်ကန်တဲ့ နည်းလမ်းတွေနဲ့ လုပ်ဖို့လိုအပ်ပါတယ်။

ဒီနေ့ လေ့ကျင့်ခန်းလုပ်နေတဲ့အချိန်မှာ လုပ်မိတတ်တဲ့ အမှားလေးတွေကို ဖော်ပြပေးသွားမှာပါ။

အိပ်ထမတင်

အိပ်ထမတင် လုပ်တဲ့နေရာမှာ ခန္ဓာကိုယ်အပေါ်ပိုင်းကို အပြည့်ထစရာမလိုအပ်ပါဘူး။ ဒါက သင့်ရဲ့ခါးကို ဖိအားပိုစေပါတယ်။ ဝမ်းဗိုက်ကြွက်သား ညစ်လို့ရတဲ့အထိ တစ်ဝက်လောက်နီးပါး ထရင် အဆင်ပြေပါတယ်။

နေ့စဉ်လေ့ကျင့်ခန်းလုပ်ခြင်း

နေ့တိုင်း လေ့ကျင့်ခန်းလုပ်တာက အမှားတစ်ခုလို့ပြောရပါမယ်။ ကြွက်သားတွေကို အနားပေးဖို့လိုအပ်ပါတယ်။ ဒါမှသာ မိမိလိုချင်တဲ့ ခန္ဓာကိုအချိုးအစားကို ရယူပိုင်ဆိုင်နိုင်မှာပါ။ နေ့တိုင်းလေ့ကျင့်ခန်းလုပ်ခြင်းက ကြွက်သားတွေကိုနာကျင်စေပြီး လူကိုလည်း ပင်ပန်းသလိုခံစားရစေပါတယ်။

ဝမ်းဗိုက်ကြွက်သားလေ့ကျင့်ခန်းသာပြုလုပ်ပြီး ဗိုက်အဆီကျဖို့ မျှော်လင့်နေခြင်း

ဝမ်းဗိုက်ကြွက်သားလေ့ကျင့်ခန်းသာ ပြုလုပ်ခြင်းက ဗိုက်အဆီတွေကို ကျမသွားစေပါဘူး။ Crunches လေ့ကျင့်ခန်းတွေ လုပ်ခြင်းဖြင့် Abs ထွက်လာနိုင်ပေမယ့် ဘေးပတ်လည်က အဆီတွေ ကျသွားဖို့လိုအပ်ပါသေးတယ်။ Cardio လေ့ကျင့်ခန်းတွေက ကယ်လိုရီတွေလောင်ကျွမ်းစေပြီး ဝိတ်မြန်မြန်ကျအောင် ကူညီပေးနိုင်ပါတယ်။

နေ့စဉ်တူညီတဲ့ လေ့ကျင့်ခန်းတွေသာ ပြုလုပ်နေခြင်း

နေ့စဉ်လုပ်နေတဲ့လေ့ကျင့်ခန်းက အရမ်းသက်သောင့်သက်သာဖြစ်နေတယ်ဆိုရင် လေ့ကျင့်ခန်းအစီအစဉ်တွေကို ပြောင်းလဲသင့်ပါတယ်။ ဥပမာ gym လေ့ကျင့်ခန်းတွေမှာ ယောဂထည့်သွင်းကစားတာမျိုးတွေ လုပ်သင့်ပါတယ်။ တစ်ချို့ ယောဂလေ့ကျင့်ခန်းတွေက ရုပ်ပိုင်းဆိုင်ရာသာမက စိတ်ပိုင်းဆိုင်ရာအတွက်ပါ အထောက်အကူဖြစ်စေပါတယ်။

ခါးကြွက်သားတွေကို လျစ်လျူရှုထားခြင်း

ဝမ်းဗိုက်ကြွက်သားလေ့ကျင့်ခန်းသာ ပြုလုပ်နေပြီး ခါးကိုမေ့ထားခြင်းက ကျေားရိုးကြွက်သားတွေ မညီမျှမူကို ဖြစ်ပေါ်စေပါတယ်။ ဒါကြောင့် Abs ထွက်လာဖို့ gym ကစားတဲ့အချိန်မှာ ခါးလေ့ကျင့်ခန်းလုပ်ပေးဖို့ကို မေ့မထားသင့်ပါဘူး။

လက်ကိုလည်ပင်းနောက်မှာထားခြင်း

တစ်ချို့လူတွေကို အိပ်ထမတင် (သို့) crunches လေ့ကျင့်ခန်းတွေလုပ်တဲ့အချိန်မှာ လက်ကိုလည်ပင်းနောက်မှာထားခြင်းက ပိုပြီးအထောက်အကူဖြစ်စေတယ်လို့ ယူဆထားကြတယ်။ တကယ်တော့ ဒီလိုလုပ်ခြင်းက လည်ပင်းကို မတင်ရတာ ပြီးတော့ တင်းတင်းဆွဲရတာတွေကြောင့် ဒဏ်ရာရသွားစေနိုင်ပါတယ်။

အကောင်းဆုံးကတော့ ဒီလိုလေ့ကျင့်ခန်းတွေလုပ်နေတဲ့အချိန်မှာ လက်ကိုနှားရွတ်အနောက်နဲ့ ရင်ဘက်ပေါ်မှာတင်ထားခြင်းဖြစ်ပါတယ်။