အားလုံးက အနည်းဆုံး မနက်တစ်ကြိမ် ညအိပ်ရာမဝင်ခင်တစ်ကြိမ်မျက်နှာ ဆေးကြောသန့်စင်လေ့ ရှိကြပါတယ်။ သို့သော်အများစုက မျက်နှာဆေးကြောရာမှာ နည်းစနစ်မမှန်ကန်တဲ့ ဆေးကြောနည်းတွေကို လုပ်မိတတ်ကြပါတယ်။

နေ့စဉ်လုပ်ရိုးလုပ်စဉ် Skincare Routine တွေထဲက အခြေခံတစ်ခုဖြစ်တဲ့ မျက်နှာဆေးကြောခြင်းကို အများစု ဘယ်လိုအမှားတွေ လုပ်မိနေကြလဲဆိုတာ ဒီဆောင်းလေးမှာ ပြောပြပေးမှာပါ။

(၁) အလွန်အကျွံ မျက်နှာသစ်ခြင်း

တစ်နေ့တာမှာ မကြာခဏ အကြိမ်ရေများများ မျက်နှာသစ်ဖို့ အမှန်တကယ်မလိုအပ်ပါဘူး။ အလွန်အကျွံမျက်နှာသစ်ရင် မျက်နှာအရေပြားပေါ်က သဘာဝအစိုဓာတ်အဆီတွေခမ်းခြောက်စေပြီး အသားအရေခြောက်သွေ့ ညစ်နွမ်းလာပါလိမ့်မယ်။ မနက်တစ်ကြိမ် ညအိပ်တစ်ကြိမ် မျက်နှာသစ်တာက အသင့်လျှော်ဆုံးပါပဲ။

(၂) အချိန်ကြာကြာ မျက်နှာဆေးကြောခြင်း

မျက်နှာဆေးကြောသန့်စင်တဲ့အခါ အသင့်တော်ဆုံးကြာချိန်က ၂ မိနစ်အောက်ဖြစ်ပါတယ်။ အချိန်ကြာကြာ မျက်နှာပွတ်တိုက်ဆေးကြောလို့ အညစ်အကြေးတွေ ပိုမပြောင်သွားနိုင်ပါဘူး။ ဒါကြောင့် မျက်နှာသစ်တဲ့အခါ အချိန်ဆွဲပြီး ဇိမ်ပြေနပြေ မျက်နှာသစ်ခြင်းကို ရှောင်ကြဉ်ပါ။

(၃) မျက်နှာသစ်ဆေးအမှားတွေ အသုံးပြုခြင်း

မျက်နှာဆေးကြောသန့်စင်ရာမှာ မှန်ကန်တဲ့မျက်နှာသစ်ဆေးကိုသုံးဖို့ အထူးလိုအပ်ပါတယ်။ ကိုယ်တိုက်ဆပ်ပြာနဲ့ မျက်နှာသစ်တာမျိုး လုံးဝမလုပ်သင့်ပါဘူး။ ကိုယ့်အသားအရေက Sensitive ဖြစ်တဲ့ Skin မျိုးဆိုရင် အသားအရေဆိုင်ရာ တတ်ကျွမ်းသူတွေနဲ့တိုင်ပင်ပြီး မှန်ကန်တဲ့မျက်နှာသန့်စင်ဆေးကို သုံးဖို့လိုပါတယ်။

(၄) ရေနွေးအသုံးပြုခြင်း

မျက်နှာအသားအရေဟာ အင်မတန်နူးညံ့ပြီး ထိခိုက်လွယ်ပါတယ်။ ဒါကြောင့် မျက်နှာသစ်တဲ့အခါ ပူနွေးတဲ့ရေနဲ့သစ်ခြင်းကို ရှောင်ကြဉ်ဖို့လိုပါတယ်။ ရေပူဟာ အရေပြားမှာရှိတဲ့ ဘာဝအဆီတွေကို ဖယ်ရှားစေရုံသာမက သွေးကြောတွေကိုကျယ်စေပြီး နီမြန်းစေပါလိမ့်မယ်။ အကယ်လို့ ရေနွေးနဲ့မျက်နှာသစ်မယ်ဆိုရင်တောင် ကြက်သီးနွေးရေ အပူချိန်လောက်နဲ့သာ မျက်နှာသစ်သင့်ပါတယ်။

(၅) မျက်နှာသုတ်ပုဝါ သန့်ရှင်းမှုမရှိခြင်း

မျက်နှာဆေးကြောသန့်စင်ပြီးချိန်မှာ အသုံးပြုတဲ့မျက်နှာသုတ်ပုဝါက နူးညံ့ပြီးသန့်ရှင်းနေဖို့ လိုအပ်ပါတယ်။ မျက်နှာသုတ်ပုဝါကို သေချာသိမ်းဆည်းမှုမရှိရင် ဖုန်နဲ့အညစ်အကြေးတွေ ကပ်တွယ်လွယ်လို့ပါ။ အညစ်အကြေးတွေရှိတဲ့ မျက်နှာသုတ်ပုဝါကို အသုံးပြုမယ်ဆိုရင် မျက်နှာသစ်ထားလည်း ဖုန်နဲ့ဘတ်တီးရီးယားတွေ သင့်မျက်နှာပေါ် ပြန်ကပ်တွယ်လာပါလိမ့်မယ်။