ချစ်သူနှစ်ဦးအတွက် ပထမဆုံးဒိတ်က အရမ်းအရေးကြီးပါတယ်။ ပထမဆုံးဒိတ်လုပ်ခြင်းကနေမှာ တစ်ယောက်နဲ့ တစ်ယောက် အဆင်ပြေပြေ လက်တွဲနိုင်ပါ့မလားဆိုတာကို စဉ်းစားကြတာပါ။ ဒါကြောင့် သင့်အနေနဲ့ ချစ်သူကို မဆုံးရှုံးချင်ရင် ပထမဆုံးဒိတ်မှာ ဒီအချက်တွေ ရှောင်ကျဉ်ပါ။

(၁) နောက်မကျပါစေနဲ့

အများစုက ဒိတ်ချိန်းတဲ့အခါ အချိန်တိကျတာကို ပိုကြိုက်ကြပါတယ်။ ဒါကြောင့် ကိုယ်နေတဲ့နေရာနဲ့ ချိန်းထားတဲ့နေရာက ဝေးလား ကားပိတ်နိုင်လား စသည်ဖြင့် အချိန်ကိုသေချာတွက်ပြီး ၁၅ မိနစ်လောက်ကြိုတင်ရောက်နေသင့်ပါတယ်။

(၂) မေးခွန်းမေးတာ သတိထားပါ

ပထမဆုံးဒိတ်မှာ တစ်ယောက်နဲ့တစ်ယောက် ရင်းနှီးမှုပိုရဖို့ စကားပြောကြတဲ့အခါ မေးသင့်မမေးသင့်တဲ့ မေးခွန်းတွေကို သေချာလေးစဉ်းစားပါ။ မေးခွန်းတစ်ခုမေးမယ်ဆိုရင် ဒီမေးခွန်းက သင့်တော်ရဲ့လား သူဖြေရဖို့ ခက်သွားမလား စသဖြင့် သေချာလေး တွေးစေချင်ပါတယ်။ ဥပမာ ရည်းစားဘယ်နှစ်ယောက်ထားခဲ့လဲ ကုမ္ပဏီမှာဘာရာထူးလဲ လစာဘယ်လောက်ရလဲ စတဲ့ မေးခွန်းတွေ မမေးသင့်ပါဘူး။

(၃) အာရုံစိုက်ပါ

ကိုယ်နဲ့ ဒိတ်ထားတဲ့သူနဲ့ အတူတူရှိနေစဉ်အချိန်က သူ့ကို အပြည့်အဝ အာရုံစိုက်ထားသင့်ပါတယ်။ ဒီလိုမှမဟုတ်ပဲ ဖုန်းပဲကြည့်နေတာ အပြင်ကိုငေးနေတာ တခြားဝိုင်းက ကောင်မလေး/ကောင်လေးတွေကို ကြည့်နေတာမျိုးတွေက တဖက်လူအမြင်မှာ အထင်သေးစရာ ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ဖြစ်နိုင်ရင်သူ့ကိုပဲ အာရုံအပြည့်အဝ စိုက်ထားသင့်ပါတယ်။

(၄) အမွှေးအနံ့တွေ အလွန်အကျွံမထွက်ပါစေနဲ့

ပထမဆုံးဒိတ်က ရင်ခုန်စရာကောင်းသလို ကိုယ့်ကို သဘောကျစေချင်တဲ့ စိတ်က လူတိုင်းမှာရှိပါတယ်။ ဒါနဲ့ပဲ ရေမွှေးတွေကို အများကြီးစွတ်သွားလို့တော့ မသင့်တော်ပါဘူး။ တစ်ချို့သော အမွှေးအနံ့လေးတွေက ကိုယ့်ကို ဆွဲဆောင်မှုပိုရှိပြီး တဖက်လူကို သဘောကျစေပေမယ့် အမွေးအနံ့တွေ လှိုင်လှိုင်ထနေမယ်ဆိုရင် စိတ်ရှုပ်စရာဖြစ်သွားနိုင်ပါတယ်။ ဒါကြောင့် တော်ရုံသင့်ရုံလောက်ပဲ ရေမွှေးသုံးပါ။