အချစ်ဆိုတာက မမျှော်လင့်ထားတဲ့အချိန်မှ ပေါ်လာတတ်ပါတယ်။ အလှမယ်ပြိုင်ပွဲမှာ နိုင်ငံကိုယ်စားပြုအနေနဲ့ ယှဉ်ပြိုင်ရလေ့ရှိတဲ့ အလှမယ်တွေဟာ ပြိုင်ဘက်တွေ ဖြစ်လေ့ရှိခဲ့ပေမယ့် အခုဖော်ပြမယ့် အလှမယ်နှစ်ဦးကတော့ သူငယ်ချင်းအဖြစ် ရင်းနှီးရာက တစ်ဆင့် ချစ်ကြိုက်ခဲ့ကြပါတယ်။ အလှနတ်မိမယ် နှစ်ယောက်ရဲ့ အချစ်ဇာတ်လမ်းက သူတို့ရဲ့ ပရိတ်သတ်တွေအတွက်တောင် အံ့သြစရာ ဖြစ်သွားခဲ့ပါတယ်။ ဘယ်လိုတွေ ဖြစ်ခဲ့ကြတာလဲ ကြည့်လိုက်ရအောင်နော်-

သူတို့နှစ်ဦးလုံးက အလှမယ် ပြိုင်ပွဲမှာ နိုင်ငံကိုယ်စားပြုအနေနဲ့ ယှဉ်ပြိုင်ခဲ့ကြသူတွေပါ။

Mariana Varela ကတော့ Miss Argentina 2020 အဖြစ် ရွေးချယ်ခံခဲ့ရတဲ့ အသက် ၂၄ နှစ်အရွယ် အလှမယ်တစ်ဦးဖြစ်ပါတယ်။ အဲ့အချိန်တုန်းက သူမဟာ Journalism နဲ့ ဘွဲ့ရခဲ့ပြီး မော်ဒယ်တစ်ဦးပါ။ သူမက ကမ္ဘာအနှံ့ ညီတူညီမျှမှုမှာလည်း အားပေးထောက်ခံသူပါ။

သူမက အင်တာနက်ပေါ်က သူတွေရဲ့ “ဆုနဲ့ မထိုက်တန်ဘူး” လို့ ဝေဖန်ခံခဲ့ရချိန်မှာ သူမပြောခဲ့တာကတော့ “ဘယ်သူတွေ ဘယ်လိုပဲ ဝေဖန်ပါစေ၊ ကိုယ်နဲ့ ထိုက်တန်တဲ့ အရာတွေပေါ် အာရုံစိုက်ဖို့ မမေ့သင့်ဘူး” ဆိုပြီး ပြောခဲ့ဖူးပါတယ်။

Fabiola Valentín ကတော့ 2020 Miss Puerto Rico အနေနဲ့ အရွေးချယ်ခံခဲ့ရတုန်းက အသက် ၂၁ နှစ်ရှိပြီ ဖြစ်ပြီး Journalism ကျောင်းသူ မော်ဒယ်တစ်ဦး ဖြစ်ပါတယ်။ သူမက တစ်နှစ်အလိုတည်းက Puerto Rico ကိုယ်စားပြု Miss Universe အနေနဲ့လည်း ပြိုင်ခဲ့ဖူးပါတယ်။ သူမက သူမလုပ်တဲ့အရာတွေအပေါ် ကျေနပ်ပျော်ရွှင်မှု ရှိသူပါ။

သူတို့နှစ်ဦးက Miss Grand International 2020 ပြိုင်ပွဲမှာ စဆုံခဲ့ကြပါတယ်။

ပြိုင်ပွဲကိုတော့ March လ 2021 မှာကျင်းပခဲ့ပြီး နှစ်ဦးလုံး ဒီပွဲမှာ အနိုင်ရဖို့ ကြိုးစားနေချိန်ပါ။ သူတို့ နှစ်ဦးလုံးဟာ ပြိုင်ပွဲမှာ Top 10 ထဲ ပါခဲ့ပေမယ့် ကံမကောင်းစွာနဲ့ ငါးယောက် ရွေးတဲ့အချိန်မှာ ပြုတ်ကျသွားခဲ့ပါတယ်။

ပြိုင်ပွဲကိုတော့ ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ကျင်းပခဲ့ပြီး ချစ်သူ ဖြစ်လာမယ့် မိန်းကလေးနှစ်ဦးက အဲ့အချိန်တည်းက ခင်မင်ရင်းနှီးခဲ့ကြပုံ ပေါ်ပါတယ်။ ပြိုင်ပွဲပြီးနောက် ၁ လအကြာမှာတော့ Miss Argentina က “I Miss U” ဆိုတဲ့ Caption နဲ့အတူ Miss Puerto Rico နဲ့ပုံတင်ခဲ့ပါတယ်။

သူတို့နှစ်ဦးလုံးဟာ တိတ်တိတ်လေး တွဲရင်း နှစ်ယောက်တွဲပုံတွေ အဆက်မပြတ်တင်ခဲ့ကြပါတယ်။

ချစ်သူနှစ်ဦးဟာ သူတို့နှစ်ယောက် အဆက်အသွယ် မပြတ်ကြောင်း ခရီးသွားတဲ့ပုံတွေ၊ Video Call တွေနဲ့ ပရိတ်သတ်တွေသိအောင် အသိပေးလေ့ရှိပါတယ်။

အောက်တိုဘာလမှာတော့ သူတို့နှစ်ဦး လက်ထပ်ပြီးကြောင်း ကြေညာခဲ့ပါတယ်။

စေ့စပ်တဲ့အချိန်က ဓာတ်ပုံတွေနဲ့အတူ လက်ထပ်လက်စွပ်ကိုပါ တွဲတင်ထားတာကြောင့် ပရိတ်သတ်တွေက ဒါကို လက်ခံကာ သူတို့နှစ်ဦးအတွက် ကောင်းချီးပေးခဲ့ကြပါတယ်။

သင်ကော မမျှော်လင့်ထားတဲ့အချိန်မှာ အချစ်နဲ့ ဆုံစည်းခဲ့ဖူးလား ပြောပြခဲ့ပါဦး။

Source: Brightside

By MyStyle Myanmar