မနက်ပိုင်းမှာ မျက်အိတ်တွေဖောင်းအစ်ပြီး နိုးလာတာမျိုးကို တော်တော်များများကြုံဖူးမယ်ထင်ပါတယ်နော်။ မျက်အိတ်ဖောင်းတာက အသက်အရွယ်ရလာလို့လည်း ဖြစ်တတ်သလို အိပ်ရေးမဝတာ၊ Stress များတာ၊ ငိုထားမိတာ၊ Alcohol အသောက်များတာတွေအပြင် ခန္ဓာကိုယ်အတွင်း ရေဓာတ်ခန်းခြောက်တာနဲ့ ဆားများတဲ့ အစားအသောက်တွေစားမိတာတွေကြောင့်လည်း ဖြစ်တတ်ပါတယ်။ မျက်အိတ် သိသိသာသာ ဖောင်းနေတာက မိတ်ကပ်လိမ်းရတာ အနှောက်အယှက်ဖြစ်သလို သင့်ကို လန်းလန်းဆန်းဆန်းမရှိဘဲ ပင်ပန်းနွမ်းနယ်ပုံပေါက်စေမှာပါ။

ဒါကြောင့်မို့ ဒီတစ်ခေါက်မှာ ဖောင်းအစ်နေတဲ့ မျက်အိတ်တွေကို မိနစ်အနည်းငယ်အတွင်း ဖယ်ရှားနိုင်ဖို့ ကိုယ်တိုင် လွယ်လွယ်ကူကူလုပ်နိုင်မယ့်နည်းလေးတွေကို ဝေမျှပေးလိုက်ပါတယ်။

၁။ ဇွန်းကိုအအေးခံပြီး မျက်အိတ်တွေပေါ် ကပ်ပေးပါ

အအေးခံထားတဲ့ ဇွန်းက မျက်အိတ်ဖောင်းတာကို ခဏအတွင်းဖယ်ရှားရာမှာ အရမ်းအသုံးဝင်ပါတယ်။ အကုန်အကျမရှိသလို လုပ်ရအရမ်းလွယ်တဲ့နည်းဖြစ်တာမို့ ဇွန်းအကြီးတစ်ချောင်းကို မိနစ်အနည်းငယ်လောက် ရေခဲသေတ္တာထဲမှာ အအေးခံထားလိုက်ပါ။ အေးလောက်တဲ့အနေအထားရောက်တဲ့အခါ မျက်အိတ်ဖောင်းတဲ့ နေရာတွေပေါ် နှစ်မိနစ်လောက် ဖြေးဖြေးချင်း ဖိကပ်ပေးရုံပါပဲ။

၂။ ဆားရည်နွေးနွေးနဲ့ စိမ်ထားတဲ့ Cotton Pad လေးနဲ့ ပွတ်ပေးပါ


ဆားရည်ကလည်း မျက်အိတ်ဖောင်းတာကို သက်သာစေပါတယ်။ ဆား လေးပုံတစ်ပုံနဲ့ ရေနွေး ၂ခွက်စာလောက်ကို ရောပြီး ဆားရည်နွေးနွေးရအောင် လုပ်ပေးပါ။ ရလာတဲ့အရည်ကို Cotton Pad နဲ့ယူပြီး မျက်အိတ်တစ်ဝိုက် ဖွဖွပွတ်ပြီး ၁၀ မိနစ်လောက် ထားပေးရမှာဖြစ်ပါတယ်။

၃။ အအေးခံထားတဲ့ စတော်ဘယ်ရီသီး အသုံးပြုနိုင်တယ်


စတော်ဘယ်ရီသီးမှာ အသားအရေနူးညံံ့စေပြီး မျက်နှာဖောင်းတာကို သက်သာစေတဲ့ Acid ဓာတ်တစ်မျိုးပါဝင်ပါတယ်။ ဒါကြောင့်မို့ စတော်ဘယ်ရီသီးတစ်လုံး ခွဲပြီး မျက်အိတ်နှစ်ဖက်ပေါ်မှာ မိနစ်အနည်းငယ်လောက် ကပ်ပေးတာမျိုး ပြုလုပ်ပေးပါ။

၄။ Tea Bag သုံးနိုင်တယ်


မျက်အိတ်ဖောင်းတာနဲ့ မျက်ကွင်းညိုတာကိုပါ သက်သာစေဖို့ Tea Bag ကို မျက်လုံးပေါ်တင်ပြီး ကပ်ပေးတာမျိုး ပြုလုပ်ပေးပါ။ သုံးရမယ့်နည်းကတော့ ရေနွေးခွက်ထဲစိမ်ပြီးသား Tea Bag နှစ်ထုပ်ကို မျက်လုံးမှိတ်ထားပြီး ၁၅ မိနစ်လောက်လှဲကာ မျက်လုံးတွေပေါ်တင်ထားပေးရမှာဖြစ်ပါတယ်။ ပြီးရင်တော့ ရေလေးနဲ့ပွတ်ပြီး ဆေးပေးလိုက်ပါ။

၅။ ရှားစောင်းလက်ပတ် လိမ်းပေးနိုင်တယ်


မျက်လုံးတစ်ဝိုက်အအေးဓာတ်လေးရသလို မျက်ကွင်းတွဲကျတာ၊ ဖောင်းတာတွေသက်သာစေဖို့ ရှားစောင်းလက်ပတ် Gel ကို သုံးလို့ရပါတယ်နော်။ အရောအနှောမရှိတဲ့ သဘာ၀ ရှားစောင်းလက်ပတ် Gel ကို မျက်လုံးထဲမဝင်အောင် သတိထားပြီး မျက်အိတ်ဖောင်းတဲ့နေရာတွေအပေါ် ဆယ်မိနစ်လောက် လိမ်းပေးပါ။ ခဏအတွင်း မျက်အိတ် အရောင်ကျလာတာကို တွေ့ရပါလိမ့်မယ်။

၆။ သခွားသီး (သို့) အာလူး ကပ်ပေးနိုင်တယ်


အအေးခံပြီး အဝိုင်းလေးတွေ လှီးထားတဲ့ သခွားသီး (သို့) အာလူး အချပ်လေးတွေကို မျက်လုံးတစ်ဝိုက်ကပ်ပေးတာကလည်း မျက်အိတ်ဖောင်းတာကို ခဏလေးအတွင်း ဖယ်ရှားနိုင်ဖို့ ကူညီပေးမှာပါ။

Photo Source: Pinterest

By MyStyle Myanmar