ပါတီမှာ အသုံးပြုမယ့်အရောင်တွေကို လက်လွတ်စပယ် မသုံးသင့်ပါဘူး။ အရောင်တိုင်းမှာ သူ့အဓိပ္ပါယ်နဲ့ သူ ကိုယ်စီ ရှိကြပါတယ်။ သူ့အဓိပ္ပါယ်နဲ့သူ အရောင်တွေကို အသုံးပြုမှသာ ကိုယ့်ရဲ့ ပါတီက အဓိပ္ပါယ်ပြည့်ဝတဲ့ ပါတီအပြင်အဆင်ဖြစ်နေမှာပါ။

ခရမ်းရောင်

ခရမ်းရောင် သုံးစွဲထားတဲ့ ပါတီတွေကတော့ ဖေ့ဘွတ်ခ်စကားနဲ့ ပြောရရင်တော့ နန်းဆန်ပါတယ်ပေါ့။ တော်ဝင်ဆန်တဲ့ ခရမ်းရောင်အကြောင်းကိုတော့ လူတိုင်းလိုလို ကြားဖူးကြမှာပါ။ တော်ဝင်ဆန်ပြီး နက်နဲသိမ်မွေ့တဲ့ အကြောင်းချင်းရာ အလှတရားတွေကို ခရမ်းရောင်တွေမှာ တွေ့ရှိနိုင်ပါတယ်။

အညိုရောင်

အညိုရောင်တွေကို ပါတီတွေမှာ မြင်တွေ့ရခဲပါတယ်။ အညိုရောင်ရဲ့ အဓိပ္ပါယ်ကို သိပါသလား။ အညိုရောင်ဆိုတာ စင်ကြယ်ရိုးသားခြင်းပါပဲ။ ဥပုသ်တွေမှာ ယောဂီရောင် ဝတ်စုံတွေကို မြင်ဖူးကြမှာပါ။ တကယ်တော့ အညိုရောင်ဟာ စင်ကြယ်ရိုးသားမှုတွေနဲ့အတူ ရင့်ကျက်မှုတွေပါ ဒွန်တွဲနေတာပါ။

ပန်းရောင်

ပန်းရောင်လေးတွေကို မိန်းမတွေ အရမ်းကြိုက်ကြပါတယ်။ ဘာဖြစ်လို့လို့ ထင်ပါသလဲ။ တကယ်တော့ ပန်းရောင်ရဲ့ သဘောတရားကိုက မိန်းမဆန်မှု ၊ စိတ်နူးညံ့မှု ၊ ကြည်နူးဆွတ်ပျံ့မှု ၊ ရင်ခုန်စိတ်လှုပ်ရှားမှု စတဲ့ ချစ်ရနံ့တွေ လွှမ်းထုံနေတဲ့ အရောင်ဖြစ်နေလို့ပါပဲ။

အနက်ရောင်

အနက်ရောင်ကတော့ ခေတ်မီဆန်းပြားမှု သင်္ကေတပါပဲ။ အနက်ရောင်က ဘယ်တော့မှ ခေတ်တုန်းသွားတယ်ဆိုတာ မရှိသလို အမြဲတမ်း ဖက်ရှင်ကျနေတဲ့ အရောင်လည်းဖြစ်ပါတယ်။ ဒါပေမယ့် တစ်ခု သတိထားရမှာက တချို့ ဝမ်းနည်းဖွယ်အခမ်းအနားတွေမှာလည်း အနက်ရောင်ကို အသုံးပြုတတ်ကြတယ်ဆိုတာ မမေ့လိုက်ပါနဲ့။

အဖြူရောင်

အဖြူရောင်ကတော့ အထူးပြောနေစရာမလိုပါဘူး။ အဖြူရောင်ဟာ သန့်ရှင်းစင်ကြယ်ခြင်းပါ။ အဖြူတွေချည်း သီးသန့်ဖန်တီးထားတဲ့ ပါတီပွဲဟာ စိတ်ကို ရှင်းလင်းသွားစေနိုင်ပါတယ်။ အဖြူရောင်ဟာ ရှင်းရှင်းလေးနဲ့ လူကို ဆွဲဆောင်နိုင်တဲ့ အရောင်ပါ။ စိတ်တွေရှုပ်နေခဲ့ရင်တောင် ဖြူဖွေးနေတဲ့ ပါတီ အပြင်အဆင်ဟာ စိတ်ကို လင်းသွားစေနိုင်ပါတယ်။

ဒီတော့ ဒီအရောင်လေးတွေရဲ့ အဓိပ္ပါယ်နဲ့ အတူ ကိုယ်ကျင်းပမယ့် ပါတီရဲ့ Theme နဲ့ လိုက်ဖက်မှုရှိမရှိ ရွေးချယ်ကြပါနော်။