အချစ်ဟာ ထူးဆန်းတယ်။ အချစ်က လူတွေကို ခွန်အားတွေ ပေးနိုင်စွမ်းတယ်။ အချစ်ကပဲ လူတွေကို ဒုက္ခရောက်သွားစေနိုင်တယ်။ လူတွေက လည်းအချစ်ကို အမျိုးမျိုး အဓိပ္ပာယ်ဖွင့်ကြတယ်။ တစ်ချို့တွေက အချစ်ဆိုတာ စွန့်လွှတ်အနစ်နာခံခြင်းတဲ့။ တစ်ချို့ကလည်း အချစ်ဆိုတာ ရယူပိုင်ဆိုင်ခြင်းတဲ့။ တစ်ချို့က အချစ်မှာ ပျော်ရွှင်နေသလို တစ်ချို့ကလည်း အချစ်ကြောင့် သောကမီးဝိုင်းနေတဲ့သူတွေ လည်းရှိကြတယ်။ ဘာပဲပြောပြော အချစ်ဆိုတာ လူတွေအတွက် အမြဲတမ်းရှိနေမယ့် အရာတစ်ခုပါ။ဒီနေ့မှာတော့ အချစ်အကြောင်းကို အဓိပ္ပာယ်ရှိရှိ ရိုက်ကူးထားတဲ့ ဒရာမာ ဇာတ်ကားကောင်းတွေကို ညွှန်းပေးလိုက်ပါတယ်။

A Rainy Day in New York (2019)

Photo : The Times

IMDb — 6.7

သူက နယူးယောက်မြို့ပေါ်က လူချမ်းသာ မိသားစုက ဆင်းသက်လာတာပါ။ သူမကတော့ အရီဇိုးနား ပြည်နယ်က မြို့သေးသေးလေး ပေါ်က သာမည မိန်းကလေးတစ်ယောက်ပါ။ မိုးသည်းနေ့တစ်နေ့ဟာ သူတို့နှစ်ယောက်ရဲ့ဘဝကို ထာဝရ ပြောင်းလဲပေးသွားလိမ့်မယ်ဆိုတာ သူတို့တွေ မသိခဲ့ကြဘူး။ ဒရာမာ ဇာတ်ကားတွေကြိုက်တဲ့သူတွေအတွက် ဇာတ်ကားကောင်းတစ်ကားပါ။

Delibal (2015)

Photo : Mubi

IMDb — 6.8

Barış ဟာတက္ကသိုလ်မှာ ဗိသုကာအတတ်ပညာသင်ကြားနေတဲ့ ကျောင်းသားတစ်ယောက်ပါ။ Füsun ကိုတွေ့လိုက်တဲ့အချိန်မှာတော့ သူဟာ အချစ်စစ်ကို တွေ့သွားပြီး သူမကိုလည်း မယုံနိုင်လောက်အောင် ချစ်မိသွားပါတော့တယ်။

ရုပ်ရည်ချောမောပြီး ရိုးသားတဲ့ Barış ကိုလည်း Füsun ကပြန်ချစ်ခဲ့ပါတယ်။ သူတို့နှစ်ယောက်လက်ထပ်လိုက်ကြတယ်။ ကြားရတာတော့ ပုံပြင်လိုပဲ ချောမောနေတယ် ထင်ရပါတယ်။ ဒါပေမယ့် သူတို့နှစ်ယောက် မင်္ဂလာဆောင်ပြီးတဲ့အချိန်မှာ မထင်မှတ်ထားတဲ့ အပြောင်းအလဲတွေ စတင်ကြုံတွေ့လာရပါတော့တယ်။

Five Feet Apart (2019)

Photo : Variety

IMDb — 7.2

အသက် (၁၇) နှစ်အရွယ် Stella ဟာ သူမဘဝရဲ့ အချိန်တော်တော်များများကို ရောဂါတစ်မျိုးကြောင့် ဆေးရုံမှာ ပဲကုန်ဆုံးခဲ့ရသူပါ။ သူမဘဝမှာ ထိန်းချုပ်ကန့်သတ်မှုတွေ နဲ့ပြည့်နှက်နေခဲ့တာပါ။ ဒါပေမယ့် သူနဲ့ဘဝတူ ရောဂါခံစားနေရတဲ့ Will ကိုတွေ့တဲ့အချိန်မှာတော့ သူမဘဝဟာ အပြောင်းလဲကြီး ပြောင်းလဲလာပါတော့တယ်။

သူတို့နှစ်ယောက်ဟာ ရောဂါကြောင့် အနည်းဆုံး တစ်ယောက်နဲ့တစ်ယောက် (၅) ပေအကွာမှာနေရပေမယ့် အချစ်ကြောင့် သူတို့နှစ်ယောက် ဘယ်လိုတားမြစ်ချက်တွေကို ချိုးဖောက်မလဲ နောက်ဆုံး သူတို့နှစ်ယောက်ရဲ့ အချစ်က ဘယ်လောက်ထိ ပြင်းထန်မှု ရှိသလဲဆိုတာ ဒီဇာတ်ကားမှာ မြင်ရမှာပါ။ ဒရာမာ ကြိုက်တဲ့သူတွေအတွက် ဇာတ်ကားကောင်းတစ်ကားပါ။

The Guernsey Literary and Potato Peel Pie Society (2018)

Photo : Variety

IMDb — 7.4

(၂၀၀၈) ခုနှစ်ကထွက်ရှိခဲ့တဲ့ The Guernsey Literary and Potato Peel Pie Society ဆို့တဲ့စာအုပ်ကိုပဲ ပြန်လည်ရိုက်ကူးထားတာပါ။ Juliet ဆိုတဲ့ ငယ်ရွယ်တဲ့ စာရေးဆရာမ တစ်ယောက်ဟာ စာအုပ်ကလပ် တစ်ခုအကြောင်း ဆောင်းပါးရေးရဖို့ ဖြစ်လာပါတော့တယ်။

သူမဟာ ကံကောင်းခဲ့ပါတယ်။ Guernsey လို့ခေါ်တဲ့ ကျွန်းပေါ်မှာနေထိုင်တဲ့ ဝက်မွေးမြူးလုပ်နေတဲ့ သူတစ်ယောက်ဆီကနေ စာတစ်ဆောင် လက်ခံရရှိခဲ့တယ်။ ဒီစာကပဲ Juliet ရဲ့ဘဝကို လုံးဝပြောင်းလဲသွားစေပါတော့တယ်။