နှင်းဆီပန်းပွင့်လေးတွေက အဆင်းလှပြီး မွှေးတဲ့အပြင် အသုံးဝင်တဲ့ ပန်းတွေ ဖြစ်ပါတယ်။ အလှအပ အတွက် သုံးနိုင်သလို လက်ဆောင်ပေးဖို့အတွက်ပါ အသုံးပြုတတ်ကြပါတယ်။ ဒီတစ်ခေါက်တော့ နှင်းဆီပန်းကို လက်ဆောင်ပေးဖို့ ရည်ရွယ်ချက်အတွက် ဦးစားပေးပြီး ပြောပြပါရစေ။ နှင်းဆီပန်းကို အသုံးပြုလေ့ရှိတဲ့ နေရာတွေကတော့ တစ်ခုခု အောင်မြင်တဲ့အချိန် ဂုဏ်ပြုပန်းစည်းပေးတဲ့အခါ၊ မွေးနေ့လက်ဆောင် ပေးတဲ့အခါ၊ ချစ်သူတွေကြား ချစ်သက်လက်ဆောင် ပေးတဲ့အခါ၊ ခင်မင်ကြောင်း ဂရုစိုက်ကြောင်း ပြသတဲ့အခါ၊ အိမ်တွင်း အလှဆင်တဲ့အခါ၊ ဓာတ်ပုံရိုက်တဲ့အခါ စတဲ့ ရည်ရွယ်ချက် အမျိုးမျိုးနဲ့ သုံးလေ့ရှိပါတယ်။ ဒီတော့ သင်ကိုယ်တိုင်လည်း နှင်းဆီပန်းလေးတွေနဲ့ မကင်းကွာနိုင်တဲ့ သူတစ်ဦး ဖြစ်နေနိုင်ပါတယ်။

ဒါကြောင့် နှင်းဆီပန်းအရောင်တွေရဲ့ အဓိပ္ပာယ်ကို သိထားတာက ဗဟုသုတရသလို အပိုလည်း မဖြစ်ပါဘူး။ နောက်တစ်ခါ တခြားသူကို လက်ဆောင်ပေးတဲ့အခါ အဓိပ္ပာယ်ရှိရှိ ပေးနိုင်မှာပါ။ ဒီတော့ နှင်းဆီပန်းအရောင်တွေရဲ့ အဓိပ္ပာယ်ကို ကြည့်လိုက်ရအောင်နော်-

၁။ အနီရောင်


နှင်းဆီအနီရောင်ရဲ့ အဓိပ္ပာယ်ကတော့ အချစ်၊ မြတ်နိုးတွယ်တာမှု၊ လှပမှု၊ သတ္တိရှိခြင်းနဲ့ လေးစားခြင်း စတာတွေကို ဖော်ညွှန်းပါတယ်။ သင်ချစ်တဲ့သူကို ပေးနိုင်သလို သင်လေးစား ချစ်ခင်သူကိုလည်း နှင်းဆီအနီရောင် ပေးနိုင်ပါတယ်။

၂။ အဖြူရောင်

နှင်းဆီပန်း အဖြူရောင်ကတော့ ဖြူစင်ခြင်း၊ အပြစ်ကင်းစင်ခြင်း၊ တိတ်ဆိတ်မှု၊ လျို့ဝှက်ခြင်း စတာတွေကို ဖော်ညွှန်းနေပါတယ်။ သူငယ်ချင်းအချင်းချင်း ဖြူစင်ခြင်းကို ပြသဖို့ နှင်းဆီပန်း အဖြူရောင် ပေးနိုင်ပါတယ်။

၃။ ပန်းရောင်အရင့်

ပန်းရောင်အရင့်ရဲ့ အဓိပ္ပာယ်ကတော့ တန်ဖိုးထားခြင်းနဲ့ ကျေးဇူးတင်ခြင်းကို ကိုယ်စားပြုပါတယ်။ သင်ကျေးဇူးတင်ရသူတွေကို နှင်းဆီ ပန်းရောင်အရင့်လေး ပေးနိုင်ပါတယ်။

၄။ ပန်းရောင်အနု


တွေ့ရများတဲ့ နှင်းဆီ ပန်းရောင်အနုကတော့ လေးစားအားကျရခြင်း၊ ကျက်သရေရှိခြင်း၊ ပျော်ရွှင်မှု၊ ချိုမြိန်မှုနဲ့ ဂရုဏာတရား စတဲ့ အဓိပ္ပာယ်အမျိုးမျိုးကို ဦးတည်နေပါတယ်။

၅။ အဝါရောင်


နှင်းဆီအဝါလေးတွေကလည်း အလွယ်တကူရနိုင်တဲ့ ပန်းဖြစ်ပါတယ်။ အဝါရဲ့ အဓိပ္ပာယ်ကတော့ ပျော်ရွှင်မှု၊ ကြည်နူးခြင်း၊ ခင်မင်မှု၊ ပြန်လည်ကြိုဆိုကြောင်းနဲ့ အသစ်စတင်ခြင်းစတဲ့ အဓိပ္ပာယ်တွေပါ။ တစ်ယောက်ယောက်ကို ပြန်ကြိုဆိုတဲ့အချိန်၊ ခရီးသစ်တစ်ခုခု စတင်တဲ့အချိန် စတဲ့အချိန်တွေမှာ လက်ဆောင်ပေးနိုင်ပါတယ်။

၆။ လိမ္မော်ရောင်

နှင်းဆီ လိမ္မော်လေးကတော့ ဆန္ဒ၊ စိတ်အားထက်သန်မှုနဲ့ စွဲမက်ခြင်း စတဲ့ အဓိပ္ပာယ်တွေကို ပေးစွမ်းနိုင်ပါတယ်။ ချစ်သူအချင်းချင်း ဒီအရောင်လေး ပေးနိုင်တယ်နော်။

၇။ Peach

နှင်းဆီ Peach Color ရဲ့ အဓိပ္ပာယ်အနေနဲ့ တန်ဖိုးထားခြင်း၊ ပြီးဆုံးအောင်မြင်ခြင်း၊ စစ်မှန်တဲ့ချစ်ခြင်း စတဲ့အရာတွေကို ဖော်ညွှန်းတတ်ပါတယ်။

၈။ အရောင်အရောအစပ်

အနီနဲ့ အဖြူ နှင်းဆီကို တွဲပေးတာက ပေါင်းစည်း ချစ်ခင်မှုကို ဖော်ညွှန်းပါတယ်။ အနီနဲ့ အဝါဆိုရင်တော့ ပျော်ရွှင်မှုနဲ့ စိတ်လှုပ်ရှားခြင်း စတဲ့ အဓိပ္ပာယ် သက်ရောက်စေပါတယ်။

Photo Source: Pinterest

By MyStyle Myanmar