သင့်မိဘတွေက သင့်ကို ကလေးတစ်ယောက်လို ဆက်ဆံပြုမူနေတုန်းလား။ သင် ဘယ်သွားသွား စိတ်မချဘဲ ဖုန်းတဂွမ်ဂွမ် ဆက်နေတုန်းလား။ သင်က အသက်အရွယ်တစ်ခု ရောက်လာတာနဲ့အမျှ လွတ်လပ်မှုနဲ့ အမှီအခိုကင်းမှုကို ပိုလိုချင်လာမှာပါ။ ဒါပေမဲ့ မိဘတွေက သင့်ကို လက်လွှတ်ပေးနိုင်သေးမှာ မဟုတ်ပါဘူး။ ဒီလိုနဲ့ အိမ်မပိုင်ဘူးဆိုတဲ့ စကားပေါ်လာတာပါ။ ဒီထဲမှာတော့ အရင်ထက် အိမ်ပိုင်ပြီး လွတ်လွတ်လပ်လပ် ကိုယ်လုပ်ချင်တာ လုပ်လာနိုင်မယ့် နည်းလမ်းတွေကို ဖော်ပြလိုက်ပါတယ်။

၁။ ကိုယ့်အသက်အရွယ်ထက် ပိုကြီးတဲ့ ပုံစံမျိုးနေပါ

သင်က အသက်ငယ်ငယ်လေးနဲ့ မိဘတွေဆီက လူကြီးတစ်ယောက်လို လွတ်လပ်ခွင့်ရဖို့ မျှော်လင့်နေလို့ မရပါဘူး။ ဒါအတွက် သင်က သူတို့ရဲ့ ယုံကြည်မှုကို ယူသင့်ပါတယ်။ ကိုယ်ပြောတဲ့ စကားအတိုင်း တည်အောင် လုပ်ပြသင့်ပါတယ်။

၂။ သေးသေးလေးက အစ မြင်တတ်ပါစေ

သင်က အရွယ်ရောက်နေပြီဖြစ်ကြောင်း ပြသဖို့ သေးသေးလေးက အစ သတိထားပြီး တာဝန်ယူသင့်ပါတယ်။ ဥပမာ- မပြောရဘဲ အိမ်သန့်ရှင်းရေး လုပ်ထားတာ၊ မခိုင်းရဘဲ အိမ်မှုကိစ္စတွေ လုပ်ပေးထားတာ စတာတွေ ပါဝင်ပါတယ်။

၃။ သူတို့ပြောတာကို လိုက်နာပြီး ယုံကြည်မှု ရယူပါ

သင်က အရင်တုန်းက အမှားလုပ်ခဲ့ဖူးတယ်ဆိုရင် သူတို့ရဲ့ ယုံကြည်မှုကို ပြန်ရဖို့ အချိန်လိုပါတယ်။ သင်က သင့်မိဘ အိမ်မှာနေတာကြောင့် သူတို့ ချထားတဲ့ စည်းကမ်းတွေကို လိုက်နာသင့်ပါတယ်။ ဥပမာ- “အိမ်ကို ည ၆ နာရီနောက်ဆုံးထားပြီး ပြန်လာခဲ့”ဆိုရင် ဒီအချိန်အတိုင်း အတိအကျ ပြန်လာသင့်ပါတယ်။

၄။ ပေါက်ကရလူတွေနဲ့ အချိန်မဖြုန်းပါနဲ့

သင့်မိဘတွေက သင်ပေါင်းနေတဲ့ အပေါင်းအသင်း မိတ်ဆွေတွေကို သဘောမကျခဲ့ရင် သင်က မိဘတွေနဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။ ဘာကြောင့် သူတို့ မကြိုက်တာလဲ နားထောင်သင့်ပါတယ်​။ သူတို့ ပြောတာ မှန်ခဲ့ရင် သင့်အပေါင်းအသင်းကို ပြောင်းလဲသင့်ရင် ပြောင်းလဲဖို့ လိုပါတယ်။

၅။ သင့်မိဘတွေ မကြိုက်တာကို မလုပ်ပါနဲ့

သင့်မိဘတွေ သင် ဘာလုပ်တာကို မကြိုက်လဲ သင်သိပြီး ဖြစ်မှာပါ။ သင်က ဒါကို လျစ်လျူရှုပြီး ဆက်လုပ်နေရင် သင်လိုချင်တဲ့ လွတ်လပ်မှုကို ရမှာ မဟုတ်ပါဘူး။

၆။ သင့်ကိုယ်သင် တာဝန်ယူနိုင်ကြောင်း ပြသပါ

သင့်မိခင်က အခုအချိန်ထိ သင့်အတွက် ဟင်းချက်ပေးရတယ်၊ အဝတ်လျှော်ပေးနေရတယ်ဆိုရင်တော့ သင့်ကို သူတို့ စိတ်ချမှာ မဟုတ်ပါဘူး။ သင့်ကိုယ်သင် အားကိုးနိုင်ကြောင်း သင်လုပ်နိုင်ကြောင်း သူတို့ မြင်အောင် ပြသင့်ပါတယ်။

၇။ စိတ်တိုတဲ့အခါ အေးအေးဆေးဆေးပြောပါ

သင့်မိသားစုနဲ့ ပြဿနာတက် စကားများတဲ့အချိန် သင်က သင့်ဒေါသကို ချုပ်တည်းနိုင်ဖို့ လိုပါတယ်။ စိတ်ညစ်တဲ့ အချိန် တည်တည်ငြိမ်ငြိမ် နေနိုင်ခြင်းက ရင့်ကျက်ခြင်းကို ပြသနေပါတယ်။ ဒါဆို သင့်မိဘတွေ သင့်ကို အရင်ထက် ပိုစိတ်ချလာပါလိမ့်မယ်။

Photo Source: Pinterest

by MyStyle Myanmar