အိမ်ထောင်တစ်ခုထူထောင်တဲ့အခါမှာ ယောကျ်ားလေးရော မိန်းကလေးပါ တာဝန်ဝတ္တရားတွေက ပြည့်နေပါတယ်။ ဘဝခရီးတစ်ခုကိုအတူတူဖြတ်သန်းကြတဲ့အခါမှာ ဦးဆောင်သူယောကျ်ားလေးဟာ အိမ်ဦးနတ်အဖြစ်နဲ့ အိမ်ထောင်ရေးမှာ ခေါင်းဆောင်တစ်ယောက်နေရာကနေ ကြီးမားတဲ့တာဝန်ကို ယူထားရသူဖြစ်ပါတယ်။

ချစ်သူအဖြစ်ရှိနေတဲ့အချိန်မှာရော ဘဝလက်တွဲဖော်အဖြစ်ရွေးချယ်လိုက်တဲ့အချိန်မှာပါ ရွေးချယ်မှုမမှားရဘဲ အဖက်ဖက်မှာပြီးပြည့်စုံတဲ့ ချစ်သူလက်တွဲဖော်ကောင်းတစ်ယောက်ဖြစ်စေဖို့ အမျိုးသားတစ်ယောက်မှာ ရှိသင့်ရှိထိုက်တဲ့အချက်လေးတွေက ဘာတွေဖြစ်မလဲဆိုတာ အတူတူကြည့်လိုက်ရအောင်နော်။

ထက်မြက်မှု − ထက်ထက်မြက်မြက်ရှိတဲ့ အမျိုးသားတွေဟာ ဖောက်ပြန်ခြင်းမရှိဘဲ ပိုက်ဆံသာပိုရှာကြပါတယ်

ဖင်လန်နိုင်ငံမှ သုတေသီတို့ရဲ့ လေ့လာတွေ့ရှိချက်များအရ အမျိုးသမီးတွေအနေနဲ့ ပျော်ရွှင်တည်မြဲတဲ့အိမ်ထောင်ရေးတစ်ခုကို တည်ဆောက်ချင်တယ်ဆိုရင် ထက်မြက်တဲ့အမျိုးသားတွေကို ရွေးချယ်သင့်ပါတယ်။ ဥာဏ်ထက်တဲ့အမျိုးသားများဟာ သူတို့ရဲ့ဇနီးမယားတွေအပေါ်မှာ မဖောက်ပြန်တတ်ကြသလို ပိုက်ဆံလည်း ပိုရှာနိုင်ပါတယ်။

ကိုယ်ခန္ဓာပုံပန်းသဏ္ဍာန် − ခင်ပွန်းနဲ့ဇနီးသည်အကြား ကိုယ်အလေးချိန်ခြားနားမှု

လူသားတွေရဲ့ပျော်ရွှင်မှု Level အတက်အကျကို ရာပေါင်းများစွာသောအချက်တွေက လွှမ်းမိုးထားပြီး ဒီအချက်တွေထဲမှာ ကိုယ်အလေးချိန်ကလည်း တစ်ခုအနေနဲ့ပါဝင်နေပါတယ်။ ဒါပေမယ့် တစ်သက်လုံးအတူနေသွားရမယ့် လက်တွဲဖော်ကိုရွေးချယ်တဲ့အချိန်မှာတော့ ပိန်တယ်၊ဝတယ် ဘော်ဒီတောင့်တယ်၊ မတောင့်ဘူးဆိုတာတွေနဲ့ မဆုံးဖြတ်မိပါစေနဲ့။ ဒါတွေက သင့်ကို ထမင်းကျွေးမထားနိုင်ပါဘူး။ အဓိကက ကိုယ့်အရှိအတိုင်း လက်ခံနိုင်ပြီး ညည်းညူခြင်းမရှိဘဲ အရာရာအတူလုပ်နိုင်မယ့်လက်တွဲဖော်ကို ရှာဖွေနိုင်ဖို့သာ အရေးကြီးတာပါ။

ဟာသဥာဏ် − သူပြောတဲ့၊ လုပ်ပြတဲ့ ဟာသတွေဟာ သင် ရယ်မောပျော်ရွှင်ဖို့အတွက်ပါ

အမျိုးသမီးအများစုတွေးထင်ကြတာက ဟာသဖောက်တတ်ရင် ဥာဏ်လည်းကောင်းတယ်ဆိုပြီး တွေးထင်ကြလို့ ဟာသပြောတတ်တဲ့ အမျိုးသားတွေကို ပိုသဘောကျကြပါတယ်။ ဒါပေမယ့် တကယ်တမ်း မှတ်ထားရမယ့် အရေးကြီးတဲ့အချက်က သူများတွေရယ်မောစေမယ့် ဟာသပြောတတ်သူမဟုတ်ဘဲ ကိုယ်နဲ့ကိုက်ညီမှုရှိတဲ့ ဟာသဥာဏ်နဲ့ လက်တွဲဖော်ကို ရှာတွေ့ဖို့နဲ့ သူပြောတဲ့ဟာသတွေက ကိုယ့်အကြိုက်ဖြစ်ဖို့ပါပဲ။

စိတ်ခံစားချက် − ယောကျာ်းဆန်ပြီး တည်ငြိမ်တဲ့အမျိုးသားတစ်ယောက်အသွင်ဖြစ်ဖို့ ခံစားချက်အမှန်တွေကို ဖုံးကွယ်မထားတတ်ဘူး

အမျိုးသမီးအများစုက သူတို့မှီခိုအားကိုးနိုင်ဖို့ သန်မာတောင့်ဖြောင့်ပြီး ရဲရင့်မှုရှိတဲ့အမျိုးသားတွေကိုပဲ လိုချင်ကြပါတယ်။ သို့သော်လည်း ဇနီးသည်ရဲ့စကားကို နားထောင်ပေးနိုင်ပြီး သူတို့ခံစားချက်ကိုနားလည်ကာ တကယ်ဖြစ်တည်လာတဲ့ စိတ်ခံစားချက်အမှန်တွေကို ချပြရင်း ပြန်လည်တုံ့ပြန်ခြင်းသာလျှင် အောင်မြင်ပျော်ရွှင်တဲ့ အိမ်ထောင်ရေးကို ပိုင်ဆိုင်နိုင်မှာဖြစ်ပါတယ်။

အလုပ်အကိုင် − အနောက်ကနေ ပါရမီဖြည့်ဆည်းပေးဖို့ ဝန်မလေးဘူး

အမျိုးသားအများစုရဲ့ အမြင်မှာ အမျိုးသမီးတွေအနေနဲ့ အိမ်ထောင်ကျပြီဆိုတာနဲ့ အလုပ်ထွက်ပြီး အိမ်မှုကိစ္စကိုပဲ နိုင်နင်းအောင်လုပ်ရမယ်ဆိုတာချည်းက ယနေ့ခေတ်မှာ လာပြောမယ်ဆို ပညာတတ် ဘယ်မိန်းကလေးမှ လက်မခံနိုင်ပါဘူး။ လက်တွေ့မှာလည်း ကိုယ့်အိမ်ထောင်ရေးကို ကိုယ်ထိန်းသိမ်းနိုင်ပြီး အပြင်မှာလည်း ကိုယ့်အလုပ်မှာ အောင်မြင်မှုရရှိနေတဲ့ အမျိုးသမီးတွေအများကြီးပါပဲ။ ဒါကြောင့် အိမ်ထောင်ရေးတစ်ခုမှာ gender equality ရှိဖို့က အင်မတန်အရေးကြီးပါတယ်။

By MyStyle Myanmar