ရှေ့ဆံမြိတ်ချထားတဲ့ ဆံပင်ကေက မျက်နှာလေးပိုနုပြီး အသက်ငယ်ပုံပေါက်တာတဲ့အပြင် မျက်နှာလေးသေးသလိုမြင်ရတာမို့ မိန်းကလေးတော်တော်များများ ထားတတ်ကြတဲ့ Hairstyle လးလို့ပြောလို့ရပါတယ်။ ဒီလို ဆံပင်ကေရှိသူတွေက မိတ်ကပ်လိမ်းတဲ့အခါ အရောင်ညိုပြီးမှိန်တဲ့ Makeup Look မျိုးထက် ပန်းရောင်၊ လိမ္မော်ရောင်ဘက်သမ်းတဲ့ မိတ်ကပ်လင်းလင်းလေးတွေနဲ့ ပိုလိုက်ပါတယ်။ ဒီတစ်ခေါက်မှာ ဆံမြိတ်ထားတတ်တဲ့ကောင်မလေးတွေအတွက် ကိုယ့်ဆံပင်ကေလေးနဲ့ လိုက်ဖက်ပြီး အသုံးဝင်စေမယ့် မိတ်ကပ်ပြင်ဆင်နည်းလေးတွေကို မျှဝေပေးလိုက်ပါတယ်။

Powder Foundation လေးသုံးပါ


ဆံမြိတ်ရှိတဲ့သူတွေက မိတ်ကပ်ထူထူထက် ခပ်ပါးပါးလေးနဲ့ပိုလိုက်တာမို့ Foundation အတွက် Powder လေးပဲလိမ်းတာမျိုး လုပ်ပေးနိုင်ပါတယ်။ ဆံပင်နဲ့အုပ်နေတဲ့ နဖူးနေရာကိုတော့ မိတ်ကပ်နည်းနည်းပဲ လိမ်းရင်ပိုကောင်းပါတယ်။ တစ်ခါတစ်ရံ မိတ်ကပ်၊ ချွေးနဲ့ဆံပင်တို့အထိများတဲ့အခါ ချွေးပေါက်ပိတ်ပြီး ဝက်ခြံထွက်တတ်တာကြောင့်ပါ။

Highlight နဲ့ Contour လုပ်ပေးပါ


ဆံမြိတ်ရှိသူတွေက မျက်နှာဝိုင်းနေသလိုပိုမြင်ရတာမို့ V ပုံ မျက်နှာကျချွန်ချွန်ပုံလေးပေါက်အောင် ပါးစောင်နှစ်ဖက်နဲ့ နှာတံကို Contour နဲ့ Highlight လေးလုပ်ပေးဖို့ လိုပါတယ်။

မျက်ခုံးထင်းထင်းလေးဆွဲပါ


မျက်ခုံးနက်နက်လေးတွေက ရှေ့ဆံမြိတ်ကေနဲ့ပိုလိုက်သလို မျက်လုံးနဲ့ မျက်နှာအစိတ်အပိုင်းတွေ ထင်းသွားသလို မြင်ရစေပါတယ်။ ဒါကြောင့် မျက်ခုံးဆွဲတဲ့အခါ ခပ်ထူထူလေးဖြစ်အောင် ဖြည့်ဆိုးပေးပါ။

ပါးနီနဲ့ Eyeshadow ကိုအရောင်လင်းတာလေးဆိုးပါ


ပါးနီနဲ့ Eyeshadow အတွက် ချစ်စရာကောင်းတဲ့ဘက်သွားတဲ့ ပန်းရောင်၊ မက်မွန်သီးရောင်၊ လိမ္မော်နဲ့ နီညိုရောင်လေးတွေ ဆိုးပေးပါ။ ကိုယ့်ဆိုးမယ့်နှုတ်ခမ်းနီနဲ့ ဆင်တူအရောင်လေးတွေဆိုးတာမျိုးလည်း ပြုလုပ်နိုင်ပါတယ်။

မျက်ကပ်မှန်တပ်ကြည့်ပါ


အရောင်ပါတဲ့ မျက်ကပ်မှန်တွေတပ်တာက မိတ်ကပ်အရမ်းလိမ်းဖို့မလိုဘဲ မျက်နှာလေးထင်းနေစေပါတယ်။ ရှေ့ဆံမြိတ်လေးနဲ့လည်း အရမ်းလိုက်ဖက်သလို အရုပ်မလေးလို ချစ်စရာကောင်းစေပါလိမ့်မယ်။

နှုတ်ခမ်းနီအရောင်ထင်းနေအောင်ဆိုးပါ


ဆံမြိတ်ရှိတဲ့သူတွေက နှုတ်ခမ်းနီကို ထင်းနေအောင်ဆိုးထားတာမျိုးနဲ့ အရမ်းလိုက်ပါတယ်။ ပန်းရောင်အရင့်၊ အနီစတဲ့ နှုတ်ခမ်းနီအရောင်ရင့်တာလေးတွေရွေးပြီး အောက်နှုတ်ခမ်းကို ပိုထင်းထင်းလေးဖြစ်အောင် ဖြည့်ဆိုးပေးပါ။ မိတ်ကပ်မပါရင်တောင် ချစ်စရာကောင်းနေစေမှာပါ။

Photo Source: Pinterest, preview.ph