တစ်ခါတစ်လေမှာ ကိုယ်တိုင်သတိမထားမိဘဲ အသုံးပြုလိုက်တဲ့မိတ်ကပ်လိမ်းနည်းအမှားတွေက သင့်ကိုပုံမှန်ထက်ရုပ်ရင့်ပြီး ပင်ပန်းနွမ်းနယ်ပုံပေါက်စေနိုင်ပါတယ်။ များသောအားဖြင့် အိပ်ရေးပျက်ထားတဲ့ နေ့တွေမှာ အသားအရေမကြည်လင်ခြင်းနဲ့ မျက်ကွင်းညိုခြင်းတွေဖြစ်တတ်တာကြောင့် ဒါတွေမသိသာအောင် မိတ်ကပ်နဲ့ဖုံးဖို့ကြိုးစားတတ်ကြပါတယ်။ ဒီလိုအချိန်မှာမိတ်ကပ်လိမ်းနည်းအမှားတွေ ပြုလုပ်မိရင်တော့ သင့်ပုံစံက ပုံမှန်ထက်ပိုကြည့်ရဆိုးသွားနိုင်ပါတယ်။ ဒါတွေမဖြစ်ရလေအောင် သတိထားရမယ့် မိတ်ကပ်လိမ်းနည်း အမှားတစ်ချို့ကို ပြောပြပေးချင်ပါတယ်။

မျက်လုံးအောက် မှားယွင်းတဲ့ Concealer အသုံးပြုခြင်း

ပင်ပန်းနေတဲ့အချိန်မှာ မျက်အိတ်ဖောင်းတာနဲ့ မျက်ကွင်းညိုတာတွေအဖြစ်များတဲ့အတွက် ဒါတွေကိုဖုံးဖို့ Concealer ကမဖြစ်မနေအသုံးပြုသင့်တဲ့ မိတ်ကပ်ပစ္စည်းဖြစ်ပါတယ်။ ဒါပေမယ့် သဘာဝမဆန်တဲ့ အရောင်ဖျော့လွန်း (သို့) ရင့်လွန်းတဲ့ Concealer တွေကတော့ သင့်ကိုပိုပြီးကြည့်ရဆိုးစေနိုင်တာကြောင့် ကိုယ့်အသားအရေနဲ့လိုက်ဖက်တဲ့ Concealer မျိုးရွေးချယ်ပြီး မျက်လုံးတစ်ဝိုက် အနေအထားမှန်အောင် အသုံးပြုတတ်ဖို့လိုပါတယ်။

မျက်နှာအစိုဓာတ်ထိန်းသိမ်းမှုမရှိခြင်း

အရေးအကြောင်းကင်းပြီး စိုပြေတင်းရင်းတဲ့အသားအရေအတွက် အစိုဓာတ်ထိန်းသိမ်းခြင်းအဆင့်ကလည်း အရမ်းအရေးကြီးပါတယ်။ ခြောက်သွေ့နေတဲ့အသားအရေကသင့်ကိုပိုပြီးပင်ပန်းနွမ်းနယ်တဲ့ပုံပေါက်စေတာ ကြောင့် မိတ်ကပ်မလိမ်းခင်မှာ အစိုဓာတ်ထိန်းခရင်မ်အရင်ဆုံးလိမ်းပြီးအသားအရေကိုပုံမှန်ဂရုစိုက်ပေးပါ။

မျက်လုံးတစ်ဝိုက် Primer မသုံးခြင်း

Primer ကမိတ်ကပ်သားညီစေဖို့နဲ့ ကြာရှည်ခံဖို့ကူညီပေးနိုင်ပါတယ်။ ဒါကြောင့် ပင်ပန်းနွမ်းနယ်တဲ့ပုံစံကို အချိန်အတော်ကြာဖုံးထားနိုင်ဖို့ မိတ်ကပ်မလိမ်းခင်မှာ Primer ပုံမှန်သုံးပေးပါ။ အဓိကအနေနဲ့ အရောင်မှိန်တဲ့ Eye Shadowနဲ့ Eyeliner တွေကိုအသုံးများတဲ့သူတွေက Primer လိမ်းဖို့မမေ့ပါနဲ့လို့အကြံပေးချင်ပါတယ်။

တစ်ရောင်ထဲထပ်နေအောင်အသုံးပြုခြင်း

မိတ်ကပ်လိမ်းတဲ့အခါ Foundation အရောင်တစ်မျိုးထဲထွက်နေတာမျိုးထက် မျက်နှာကျပေါ်စေဖို့ Contour လုပ်ခြင်းစတဲ့ မတူတဲ့အရောင်တွေနဲ့အချိုးကျအောင်လိမ်းဖို့လိုပါတယ်။ ဒါကြောင့် နှုတ်ခမ်းနီဆိုးခြင်း မျက်ခုံးချယ်ခြင်းနဲ့ ပါးနီအရောင်လွင်လွင်တွေလိမ်းခြင်းစတဲ့ ကာလာအရောအစပ်တွေကသင့်ရဲ့မှိုင်းနေတဲ့ မျက်နှာအသားအရေကိုကြည်လင်သွားစေမှာပါ။

မီးခိုးရောင်သမ်းတဲ့မိတ်ကပ်လိမ်းချယ်မှုပုံစံ

မီးခိုးအရောင်ခံ မိတ်ကပ်ပစ္စည်းတွေကို သင့်မျက်လုံးတစ်ဝိုက်အသုံးပြုတာက အသားအရေကို ပိုညစ်ပြီး ရုပ်ရင့်စေနိုင်ပါတယ်။ ဒါကြောင့် မိတ်ကပ်ပြင်တဲ့အခါမှာ ပင်ပန်းနွမ်းနယ်ပုံပေါက်စေတဲ့ အရောင်မှိုင်းမှိုင်းတွေ အသုံးပြုတာကိုတတ်နိုင်သလောက်ရှောင်ပေးပါ။

Powder အလွန်အကျွံသုံးမိခြင်း

မိတ်ကပ်လိမ်းပြီးတိုင်း အဆီပြန်တက်လာမျိုးမဖြစ်အောင် Powder လိမ်းပေးဖို့လိုပါတယ်။ ဒါပေမယ့် ပမာဏများများအသုံးပြုတာက အသားခြောက်တာတွေဖြစ်လာတတ်တာကြောင့် ခပ်ပါးပါးပဲလိမ်းပေးသင့်ပါတယ်။

Eyeliner ကာလာအမှားတွေအသုံးပြုခြင်း

သင်အသုံးပြုတဲ့ Eyeliner ကာလာတွေပေါ်မူတည်ပြီး မျက်နှာပုံစံကလည်းပြောင်းလဲသွားနိုင်တာကြောင့် Eyeliner အထူကြီးတွေနဲ့ အရောင်အမှားတွေသုံးတာက သင့်ကိုသိသိသာသာရုပ်ရင့်ပြီး ကြည့်ရဆိုးသွားစေနိုင်ပါတယ်။ သင့်အသားအရောင်က Cool Tone ဘက်ရောက်ရင်တော့ နီညိုရောင် (သို့) ရွှေရောင်ပါတဲ့ Eyeliner တွေကိုရှောင်ပါ။ Warm Tone သမားတွေကတော့ ငွေရောင်တောက်တဲ့ Eyeliner တွေကိုမသုံးသင့်ပါဘူး။

Photo Source: Pinterest

By MyStyle Myanmar