မင်္ဂလာပါနော်။ မိတ်ကပ်လိမ်း မကျွမ်းကျင်သေးလို့ အချိန်သိပ်မရလို့ စတဲ့ အကြောင်းအမျိုးမျိုးကြောင့် သေချာမကြည့်နေတော့ဘဲ ကိုယ်နဲ့အဆင်ပြေရုံလောက် လိမ်းလိုက်တာမျိုးကို ကိုယ်တိုင်မိတ်ကပ်ပြင်နေကျသူ တော်တော်များများ လုပ်ဖူးကြမှာပါ။ ဒါပေမယ့် သတိမထားမိဘဲ ကိုယ်သုံးလိုက်တဲ့ အလှပြင်နည်းအမှားတွေက ရေရှည်မှာ ပျိုမေတို့ရဲ့ အသားအရေကိုပြန်ပြီး ဒုက္ခပေးလာနိုင်ပါတယ်။ ဒီလိုမဖြစ်ရအောင် အရေပြားပညာရှင်တွေကိုယ်တိုင် အကြံပေးထားတဲ့ မိတ်ကပ်လိမ်းတဲ့အခါ မလုပ်မိအောင် သတိထားရမယ့်အရာတွေအကြောင်းကို ဖော်ပြပေးလိုက်ပါတယ်။

Skincare မလိမ်းတာ


ခြောက်သွေ့နေတဲ့အရေပြားပေါ် မိတ်ကပ် တိုက်ရိုက်လိမ်းတာက အသားအရေပျက်စီးသလို မိတ်ကပ်စိမ့်ဝင်မှုလည်းမရှိဘဲ ကြည့်ရဆိုးတတ်ပါတယ်။ မျက်နှာမှာအစိုဓာတ်ရှိတာက နောက်ဆက်တွဲ အသားအရေပြဿနာတွေကို ကာကွယ်ပြီးသားဖြစ်စေတာမို့ Skincare အဆင့်များများမလိမ်းနိုင်ရင်တောင် Moisturizer နဲ့ Sunscreen ကိုတော့ မဖြစ်မနေအရင်ဆုံးလိမ်းပေးဖို့ မမေ့ပါနဲ့။

မသန့်တဲ့ (သို့) ခြောက်သွေ့လွန်းတဲ့ Makeup Sponge တွေသုံးတာ


မိတ်ကပ်လိမ်းရင်း Sponge သုံးတဲ့အခါ ကိုယ့်သုံးမယ့်ပစ္စည်းကို ပုံမှန်သန့်စင်ထားဖို့က အရေးအကြီးဆုံးပါပဲ။ နောက်တစ်ချက်အနေနဲ့ လိမ်းခါနီး Sponge ကို ခြောက်သွေ့နေတာထက် အနည်းငယ်စိုစွတ်အောင် လုပ်ပြီးမှ သုံးတာက မိတ်ကပ်သားစိမ့်ဝင်လွယ်ပြီး ထူမသွားအောင် ကူညီပေးမှာပါ။ အရေပြားဆရာဝန်အချို့က Sponge တစ်ခုကို သုံးလထက်ပို မသုံးသင့်ဘူးလို့လည်း အကြံပေးထားပါတယ်။

မျက်ခုံးဆွဲဖို့ Styling Soaps တွေသုံးတာ


အခုနောက်ပိုင်း တော်တော်များများက မျက်ခုံးထူထူဆွဲတာထက် မျက်ခုံးမွှေးတစ်မျှင်ချင်းထင်းနေအောင် အလွယ်ဖြီးပြီး ဆွဲလို့ရတဲ့ Styling Soaps တွေ သုံးလာကြပါတယ်။ ဒါပေမယ့် Soap မှာပါတဲ့ pH အာနိသင်က အရေပြားပါးပြီး Sensitive ဖြစ်တတ်တဲ့အပြင် စင်အောင်မဖျက်မိရင် ချွေးပေါက်ပိတ်ပြီး မျက်ခုံးမွှေးပါ ပါးသွားတတ်တာမို့ ခဏခဏသုံးတာမျိုးမလုပ်မိအောင် ရှောင်ဖို့လိုပါတယ်။

နှုတ်ခမ်းနီကို ပါးနီအနေနဲ့သုံးတာ

Photo Source: mb.com.ph

အချို့ နှုတ်ခမ်းနီတွေကို ပါးနီအနေနဲ့ပါသုံးနိုင်အောင် ဖန်တီးလာကြပေမယ့် သီးသန့်စီသုံးတာကတော့ အကောင်းဆုံးပါပဲနော်။ အထူးသဖြင့် အရောင်အရင့်ပါတဲ့ နှုတ်ခမ်းနီတွေဆို ပိုမသုံးသင့်ပါဘူး။ အရောင်ရင့်တာတွေက Chemical ပိုများတာမို့ Sensitive ဖြစ်တတ်တဲ့သူတွေဆို အရေပြားစပ်တာ၊ ရောင်ရမ်းတာတွေ ဖြစ်သွားတတ်ပါတယ်။

မိတ်ကပ်ဖျက်တဲ့ တစ်ရှူးသုံးတာ


မိတ်ကပ်ဖျက်တဲ့အခါ တစ်ရှူးသုံးပြီးဖျက်တာက တကယ်တမ်းမိတ်ကပ်ပြောင်ဖို့ခက်သလို ခပ်ကြမ်းကြမ်းဆွဲပြီးဖျက်မိရင် အရေးအကြောင်းတွေပေါ်ပြီး အရေပြားတွဲကျစေမှာပါ။ ဒါ့အပြင် သုံးပြီးတဲ့နောက် အသားခြောက်သွားစေတာမို့ သူ့အစား ရေပါတဲ့ Cleansing Water တွေ Oil တွေ သုံးပေးတာ ပိုကောင်းပါတယ်။

Photo Source: Pinterest

By MyStyle Myanmar