ခက်ခဲပင်ပန်းတဲ့ တစ်နေ့တာကို ကျော်ဖြတ်ပြီးချိန်မှာ စိတ်ရောလူပါ ကောင်းစွာအနားယူပေးဖို့ လိုအပ်ပါတယ်။ အခုပြောပြမယ့် အနားယူနည်းတွေက စိတ်ရောလူပါအပန်းပြေစေပြီး နောက်တစ်နေ့အတွက် ခွန်အားသစ်တွေရစေမယ့် ကောင်းစွာအိပ်ပျော်စေဖို့လည်း အထောက်အကူဖြစ်စေမယ့် နည်းလမ်းလေးတွေဖြစ်ပါတယ်။

(၁) သာယာနာပျော်ဖွယ်သီချင်းများ နားထောင်ပါ

ပင်ပန်းနွမ်းနယ်နေချိန်မှာ ပြန်လည်ခွန်အားဖြည့်ပေးမယ့် အကောင်းဆုံး အားဆေးတစ်ခွက်က ဂီတပါပဲ။ သာယာနာပျော်ဖွယ် သီချင်းကောင်းလေးတွေကို နားထောင်ပေးခြင်းအားဖြင့် ပင်ပန်းနွမ်းနယ်မှုတွေ ပြေလျော့စေပြီး ကောင်းစွာလည်း အိပ်စက်အနားယူနိုင်ပါလိမ့်မယ်။

(၂) တရားထိုင်ပါ

တရားထိုင်ခြင်းအလေ့အထက စိတ်နှလုံးအေးချမ်းမှုကိုရစေပြီး စိတ်ပင်ပန်းလူပင်ပန်း ဖြစ်ခြင်းကို သက်သာစေမှာဖြစ်ပါတယ်။ ညဘက်တိတ်ဆိတ်ငြိမ်သက်မှုရှိတဲ့ အချိန်မျိုးမှာ မိနစ်အနည်းငယ်လောက်တရားထိုင်တာဟာ စိတ်ကိုအပေါ့ပါးဆုံးဖြစ်စေပြီး ပင်ပန်းမှုတွေကို သက်သာစေမှာပါ။

(၃) Audio Book နားထောင်ပါ

စာဖတ်ခြင်းက အကောင်းဆုံးအနားယူအပန်းဖြေတဲ့နည်းလမ်းတစ်ခုပါပဲ။ သို့သော်တစ်ခါတစ်လေ အရမ်းပင်ပန်းနေချိန်မှာ စာအုပ်မဖတ်ချင်ရင်တောင် အသံနဲ့နားထောင်လို့ရမယ့် Audio Book လေးတွေနားဆင်ကြည့်ဖို့ အကြံပြုချင်ပါတယ်။ စိတ်ရောကိုယ်ပါ အေးချမ်းစေပြီး သင့်ကိုကောင်းစွာအနားရစေမှာပါ။

(၄) ရေနွေးဖြင့်ရေချိုးပါ

တစ်နေ့တာလုံး ပြေးလွှားရုန်းကန်ခဲ့ရသမျှ ပင်ပန်းမှုတွေကိုဖြေလျော့နိုင်မယ့် အနားယူနည်းတစ်မျိုးက ရေခပ်နွေးနွေးဖြင့်ရေချိုးခြင်းဖြစ်ပါတယ်။ ရေနွေးဖြင့်ရေချိုးခြင်းက ပင်ပန်းနွမ်းနယ်မှုတွေကို လျော့ကျသက်သာစေပြီး နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်စေဖို့လည်း အကူညီပေးပါလိမ့်မယ်။